News

POST TYPE

NEWS

ဦးပိန်တံတားပေါ်ကဆိုင်များကို ဖယ်ရှား
27-Mar-2018



မန္တလေး၊ မတ် ၂၆

နာမည်ကျော် ဦးပိန်တံတားပေါ်တွင် ရောင်းချနေသည့် ဈေးဆိုင်များကို မတ်လ ၂၆ ရက်နေ့က ဖယ်ရှားခဲ့ကြောင်း အမရပူရမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“ဈေးသည်တွေကို တံတားပေါ်မှာ ဈေးမရောင်းဖို့ အကြောင်းကြားစာ ထုတ်ဝေပြီးဖြစ်ပါတယ်။ ဥပဒေအရအရေးယူခံရမယ် ဆိုတာလည်း အကြောင်းကြားခဲ့ပြီးပါပြီ။ ဒါကို ဖယ်မပေးတဲ့အတွက် ဒီနေ့မနက်မှာပဲ ၆၁ ဆိုင်ကို ဖယ်ရှားခဲ့တယ်။ ဖယ်ရှားခံခဲ့ရတဲ့ ပစ္စည်းတွေကို ပိုင်ရှင်တွေအနေနဲ့ ပြန်ထုတ်ယူနိုင်ပါတယ်”ဟု အမရပူရမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းစိုးက ပြောကြားသည်။

ယင်းသို့ဖယ်ရှားရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမရပူရမြို့နယ် စည်ပင်သာယာရေးကော်မတီ၊ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကို ဒီအတိုင်း ခွေးလေခွေးလွင့်တွေလို မနှင်ထုတ်ဘဲနဲ့ နေရာတစ်နေရာ ချထားပေးစေချင်ပါတယ်။ ခုကျတော့ ကျွန်တော်တို့မိသားစုတွေ စားဝတ်နေရေး အခက်အခဲဖြစ်တယ်။ အချိန်ပေးပြီးတော့မှ ဖယ်ခိုင်းစေချင်ပါတယ်။ ရှိတဲ့ပစ္စည်းတွေနဲ့ရင်းပြီး ဈေးရောင်းရတာပါ”ဟု ဖယ်ရှားခံခဲ့ရသည့် လက်မှုပစ္စည်းရောင်းချသူ ဒေါ်ခင်ခင်သွယ်က ပြောကြားသည်။

ဦးပိန်တံတားသို့ လာရောက်လည်ပတ်သည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များနှင့် ဖြတ်သန်းသွားလာသူများ စိတ်အနှောင့်အယှက် မဖြစ်စေရန် တံတားပေါ်တွင် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်း၊ ဈေးတက်ရောင်းခြင်း၊ အခြားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တောင်းရမ်းစားသောက်ခြင်း၊ တံတားနှင့်မသက်ဆိုင်သည့် လုပ်ငန်းများ ဆောင်ရွက်မှုမပြုလုပ်ရန်နှင့် လိုက်နာမှုမရှိပါက တည်ဆဲဥပဒေများအရ အရေးယူမည်ဖြစ်ကြောင်း ဦးပိန်တံတားရှိဈေးသည်များ ရှင်းလင်းဖယ်ရှားရေးအဖွဲ့၏ ထုတ်ပြန်စာအရ သိရသည်။ 

ဦးပိန်တံတားပေါ်တွင် ရောင်းချနေသည့် ဈေးသည်များကို နေရာအစားပေးရန် အစီအစဉ်မရှိကြောင်းနှင့် တစ်ပတ်အတွင်း ဖယ်ရှားမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားခဲ့သည့် နောက်ရက်တွင်ပင် ဈေးသည်များကို ဖယ်ရှားလိုက်ခြင်းဖြစ်သည်။ 

ဦးပိန်တံတားကို သက္ကရာဇ် ၁၂၁၁ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၂၁၃ တွင်ပြီးစီးခဲ့ကာ တိုင်ပေါင်း ၉၈၄ တိုင်၊ အခန်းပေါင်း ၄၈၂ ရှိပြီး တံတားအရှည်မှာ ၃၉၇၆ ပေ ရှိသည်။ 

M-05

  • VIA