News

POST TYPE

NEWS

ရသေ့တောင်မြို့နယ် ပင်လယ်ပြင်တွင် ဘင်္ဂါလီ ၅ ဦးထံမှ စိတ်ကြွဆေးပြား ၇ သိန်း ဖမ်းမိ
25-Mar-2018

စစ်တွေ၊ မတ် ၂၄

ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာအနီး ပင်လယ်ပြင်တွင် မတ်လ ၂၃ ရက် နံနက်ပိုင်းက ဘင်္ဂါလီငါးဦးထံမှ ကျပ်သိန်း ၁၅၀၀၀ ဖိုးရှိသော WY စိတ်ကြွဆေးပြား ၇ သိန်းကို ဖမ်းမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 

အဆိုပါ ပင်လယ်ပြင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ငါးဖမ်းစက်လှေတစ်စီးကို မသင်္ကာ၍ ရပ်ခိုင်းရာမှ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ယင်းစက်လှေတွင် ဆာလာအိတ် ၅ အိတ်ဖြင့် ထုပ်ပိုးထားသော စိတ်ကြွဆေးပြားများကို ဖမ်းမိကြောင်း၊ ဖမ်းမိသည့် ဘင်္ဂါလီ ၅ ဦးမှာ ပေါက်တောမြို့နယ် စစ်ကဲပြင်ရွာမှ မာမွတ်အီနို၊ မာမွတ်ရိုးရှီး၊ မာမွတ်အာမီ၊ ဟော်ဘီ၊ အာရူလော့တို့ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။ 

ဖမ်းမိသောစက်လှေနှင့် မူးယစ်ဆေးဝါး ၇ သိန်းကျော်မှာ ပေါက်တောမြို့နယ် စစ်ကဲပြင်ကျေးရွာမှ ဘင်္ဂါလီလူမျိုး ဦးရှောက်က ပိုင်ဆိုင်သည်ဟု ဖမ်းမိသူများက ထွက်ဆိုကြောင်း၊ ၎င်းတို့ ငါးဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများတားဆီးကာကွယ်ရေး ဥပဒေပုဒ်မများဖြင့် အရေးယူထားကြောင်း၊ ဖမ်းမိသူ ၅ ဦးနှင့် မူးယစ်ဆေးဝါးများကို စစ်တွေမြို့ရှိ ရေချမ်းပြင် ရဲကင်းစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း စစ်တွေမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ 

မတ်လ ၂၂ ရက် ညနေပိုင်းက ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်း၌ စစ်တွေမြို့မှ မောင်တော မြို့နယ်သို့သွားသော ကားပေါ်မှ ကျပ်သိန်း ၁၆၀၀၀ ကျော်ဖိုးရှိသော WY စိတ်ကြွဆေးပြား ၈ သိန်းကျော် ဖမ်းမိခဲ့သည်။  

R-22

  • VIA