News

POST TYPE

NEWS

သုံးစွဲသူသန်း ၅၀ ခန့်၏ ကိုယ်ရေးအချက်အလက်များ အလွဲသုံးမှုနှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ်ကို အမေရိကန် ကုန်သွယ်ရေးကော်မရှင်က စစ်ဆေး
ဝါရှင်တန်၊ မတ် ၂၂

ဖေ့စ်ဘွတ်ခ် သုံးစွဲသူသန်း ၅၀ ခန့်၏ ကိုယ်ရေး အချက်အလက်များကို နိုင်ငံရေး အတိုင်ပင်ခံအဖွဲ့တစ်ခုက အလွဲသုံးခဲ့သည်ဆိုသော စွဲချက်များနှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကိုပါ အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေး ကော်မရှင်က စုံစမ်း စစ်ဆေးနေသည်ဟု BBC သတင်းဌာနက ဖော်ပြသည်။

ထရမ့်မဲဆွယ်အဖွဲ့က ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအတွင်း ငှားရမ်းခဲ့သော Cambridge Analytica (CA) အဖွဲ့သည် သုံးစွဲသူများမသိဘဲ ကိုယ်ရေး အချက်အလက်များကို ရယူခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ယခုအခါ CA ၏ အကြီးအကဲ အလက်ဇန္ဒြားနစ်ကို ဘုတ်အဖွဲ့က တာဝန်မှ ရပ်စဲလိုက်ပြီဖြစ်သည်။ CA ၏ လုပ်ဆောင်ချက်များသည် အမေရိကန်ရွေးကောက်ပွဲ ဥပဒေများကို ချိုးဖောက်ရာရောက်ခဲ့သည်ဟု ဝေဖန်မှုများရှိနေသည်။

လန်ဒန်တွင် အခြေစိုက်သည့် CA အဖွဲ့ကမူ အမှားလုပ်ထားခြင်းမရှိဟု ငြင်းဆန်ထားသည်။

ယခုဖြစ်စဉ်ကြောင့် ဖေ့စ်ဘွတ်ခ်ပါ စုံစမ်းစစ်ဆေးခံနေရချိန်တွင် ဖေ့စ်ဘွတ်ခ် ကုမ္ပဏီရှယ်ယာများလည်း သိသိသာသာ ကျဆင်းခဲ့သည်။

ဖေ့စ်ဘွတ်ခ် တည်ထောင်သူ မာ့ခ် ဇက်ကာဘာ့ဂ်ျအနေနှင့် သက်သေ အထောက်အထားများ တင်ပြရန် ဗြိတိန်နှင့် ဥရောပလွှတ်တော်များက တောင်းဆိုထားသလို အမေရိကန် လွှတ်တော်အမတ်များကိုလည်း မတ်လ ၂၁ ရက်နေ့တွင် ရှင်းလင်းတင်ပြရမည်ဖြစ်သည်။

ဖေ့စ်ဘွတ်ခ်ပေါ်တွင် ကိုယ်ရည်ကိုယ်သွေးကို စိစစ်သည့် ဉာဏ်စမ်းအစီအစဉ် This is Your Digital Life မှ စုစည်းပေးထားသော အချက်အလက်များကို CA အတိုင်ပင်ခံအဖွဲ့က ရယူခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခံထားရသည်။

ဖြေဆိုသူမှာ ၂၇၀,ဝ၀၀ သာ ရှိသော်လည်း မိတ်ဆွေကွန်ရက်များကတစ်ဆင့် အခြားသူများ၏ အချက်အလက်များကိုပါ သဘောတူညီချက်မရဘဲ ရယူခဲ့ရာ အမေရိကန်နိုင်ငံသား အများစုပါဝင်သော သုံးစွဲသူ သန်း ၅၀ ခန့်၏ အချက်အလက်များကို စုဆောင်းနိုင်ခဲ့သည်ဟုဆိုသည်။ 

ယင်းအချက်အလက်များကို ဝယ်ယူထားသော CA သည် စိတ်ပညာသဘောအရ လူအများကို ခွဲခြမ်းစိတ်ဖြာပြီး ထရမ့်အပေါ် လိုလားသည့် အမြင်များ လွှမ်းမိုးစေသော အချက်အလက်များ ဖြန့်ဖြူးကာ သဘောထားအမြင် လွှမ်းမိုးနိုင်စေရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။

CA က အချက်အလက် ရယူရာတွင် မှန်ကန်သည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခဲ့သည်ဆိုသော်လည်း ပြီးခဲ့သည့်အပတ်တွင် ဖေ့စ်ဘွတ်ခ်ပေါ်မှ ဖယ်ရှားခံခဲ့ရသည်။

F-03