News

POST TYPE

NEWS

ဆော်ဒီ၏ နျူကလီးယားရည်မှန်းချက်များက အရှေ့အလယ်ပိုင်းကို ကိုင်လှုပ်လာနိုင်
22-Mar-2018



ရီယာ့ဒ် မတ် ၂၁

ဆော်ဒီ၏ အိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန်က ဆော်ဒီဘုရင့်နိုင်ငံသည် နျူကလီးယားလက်နက် ပိုင်ဆိုင်လိုခြင်း မရှိသော်လည်း အီရန်က နျူလက်နက် ထုတ်လုပ်ရန် ကြိုးစားလာပါက လိုက်ပါလုပ်ဆောင်မည်ဖြစ်သည်ဟု အမေရိကန် CBS ရုပ်သံသို့ ယခင်အပတ်က ပြောကြားခဲ့ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

၂၀၁၆ ခုနှစ်က တီဟီရန်ရှိ ဆော်ဒီသံရုံးကို တိုက်ခိုက်ခံရပြီးနောက် ဆော်ဒီနှင့်အီရန်တို့ ဆက်သွယ်မှု ပြတ်တောက်သွားခဲ့သည်။ ထိုနောက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတွင် အီရန်၏ ဩဇာချဲ့ထွင်လာခြင်းကို ဆော်ဒီက ပိုမိုစိုးရိမ်လာခဲ့သည်။

ဆော်ဒီအာဏာပိုင်များက နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လိုအပ်ချက်ကြီးမားလာမှုကို ပြည့်မီနိုင်ရန် နျူကလီးယာစွမ်းအင်ကို မရှိမဖြစ် လိုအပ်လာမည်ဟု ၂၀၀၉ ခုနှစ်က ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

ဆော်ဒီအာရေးဗီးယား၏ နျူကလီးယားလက်နက် ထုတ်လုပ်လာနိုင်ခြေနှင့် ပတ်သက်၍ အစ္စရေး၏ သဘောထားကို မေးမြန်းသောအခါ အစ္စရေးအမျိုးသား လုံခြုံရေးလေ့လာမှု အင်စတီကျုမှ အကြီးတန်း သုတေသနပညာရှင် ရှလိုမိုဘရွမ်က “အစ္စရေးဘက်က လုံးဝကို အဆိုးမြင်မှာပါ။ ဒါကို တားဆီးဖို့ ဘာမဆို လုပ်ဆောင်ကြမှာပါ။ အစ္စရေးနဲ့ဆော်ဒီရဲ့ ဆက်ဆံရေးက အခုတည်ငြိမ်နေပေမယ့် အနာဂတ်မှာ ပြောင်းသွားနိုင်ပါတယ်။ နှစ်နိုင်ငံအကြားကိစ္စက ရိုးရှင်းပေမယ့် သုံးနိုင်ငံဆိုရင် အများကြီးပိုပြီး ရှုပ်ထွေးသွားပါပြီ”ဟု မှတ်ချက်ပေးသည်။

အီဂျစ်နိုင်ငံကလည်း သမ္မတ အယ်လ်စီစီလက်ထက်တွင် အီရန်ကို ဟန်ချက်ထိန်းရန်အတွက် ဆော်ဒီနှင့် စစ်ရေးသဘောတူညီချက်များစွာ လက်မှတ်ထိုးထားသည်။ အီဂျစ်ကာကွယ်ရေးနှင့် စစ်ဘက်ဆက်ဆံရေး မဟာဗျူဟာဌာနမှူး အဒယ်လ်ဆူလီမန်က အီဂျစ်သည် နျူကလီးယားစွမ်းအင်ကို အားပေးသော်လည်း ငြိမ်းချမ်းစွာ သုံးစွဲရေးအတွက်သာ ဖြစ်ရမည်ဟု ပြောကြားသည်။ အီဂျစ်သည် ရုရှားအကူအညီဖြင့် ဒါဘာကမ်းခြေတွင် နျူကလီးယားစွမ်းအင် စီမံကိန်းကို အကောင်အထည်ဖော်နေသည်။

အကယ်၍ ဆော်ဒီက နျူကလီးယားအစီအစဉ်ကို အကောင်အထည်ဖော်မည်ဆိုပါက အရပ်သားသုံး စစ်စစ်ဖြစ်ရန် အစ္စရေးက တွန်းအားပေးမည်ဟု ရှလိုမိုဘရွမ်က ဆိုသည်။ ဆော်ဒီအနေနှင့် ယူအေအီးနိုင်ငံ၏ ငြိမ်းချမ်းစွာ အသုံးပြုသော၊ ပွင့်လင်းမြင်သာသော၊ ရွှေအဆင့်အတန်းရှိသော နျူစွမ်းအင်ကို အတုယူလုပ်ဆောင်သင့်သည်ဟု ဘရွမ်က ပြောကြားသည်။

ယူအေအီး၏ နျူစွမ်းအင်အစီအစဉ်သည် တစ်ကမ္ဘာလုံးအတွက် စံနမူနာဖြစ်သောကြောင့် ဗြိတိန် အဏုမြူစွမ်းအင်အေဂျင်စီ၏ အကြီးအကဲဖြစ်ခဲ့သူ ဥက္ကဋ္ဌဟောင်း ဘာဘရာဂျတ်ခ်ျက ရွှေအဆင့်ဟု တင်စားခဲ့ခြင်းဖြစ်သည်။

ဆော်ဒီနှင့်အီရန်တို့ နျူကလီးယား လက်နက်အစီအစဉ်များကို အပြိုင်အဆိုင် လုပ်ဆောင်လာပါက အရှေ့အလယ်ပိုင်း၏ အင်အားဟန်ချက်ညီမှုကို ရှုပ်ထွေးသွားစေနိုင်သည့်အပြင် ၎င်းတို့ကိုယ်တိုင်၏ လုံခြုံရေးနှင့် အကျိုးစီးပွားအသီးသီးကိုပါ ထိခိုက်စေမည့် အန္တရာယ်ရှိနေသည်ဟု ဘရွမ်က မှတ်ချက်ပေး ပြောကြားသွားသည်။  

F-04

  • VIA