News

POST TYPE

NEWS

ပြည်ပမှ ပြောင်းတင်သွင်းခွင့်ပြုရန်အစိုးရထံတင်ပြ
ရန်ကုန်၊ မတ် ၂၁

ပြည်တွင်းရှိ ကြက်နှင့်ငါးမွေးမြူရေး လုပ်ငန်းများတွင် အစာအဖြစ် ပြန်လည်အသုံးပြုရန်အတွက် ပြည်ပနိုင်ငံများမှ ပြောင်းတင်သွင်းခွင့်ပြုရန် မွေးမြူရေးလုပ်ငန်းရှင်များနှင့် အစာစပ်လုပ်ငန်းရှင်များက သက်ဆိုင်ရာဝန်ကြီးဌာနများထံ တင်ပြတောင်းဆိုထားကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာ ထုတ်လုပ်ရောင်းဝယ်သူများ အသင်းဥက္ကဋ္ဌ ဒေါက်တာသက်မှူးက ပြောကြားသည်။

လက်ရှိပြည်တွင်းတွင် ပြောင်း အခြောက်အစေ့ တစ်ပိဿာလျှင် ကျပ် ၆၃၀ မှ ၆၅၀ အထိ ပေါက်ဈေးရှိပြီး မွေးမြူရေးလုပ်ငန်းများအတွက် တွက်ခြေမကိုက်သောကြောင့် တန်ချိန်အကန့်အသတ်ဖြင့် ပြောင်းတင်သွင်းခွင့်ပြုရန် တင်ပြထားခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ 

“အခုပြောင်းက တစ်ပိဿာကို (ကျပ်) ၆၅၀ ဝန်းကျင်ရှိတယ်။ ၂၀၁၆ မှာ ၄၀၀ ကျော်နဲ့ ၂၀၁၇ မှာ ၃၅၅ ကျော်ပဲ ရှိတယ်။ ပြောင်းက ဟင်္သာတနဲ့ ကယားပြည်နယ်ဘက်က အများဆုံးထွက်တာ။ မြေယာပြဿနာနဲ့ ရာသီဥတုဖောက်ပြန်တဲ့အတွက် စိုက်တဲ့ဧကတွေလည်း လျော့သလို အထွက်နှုန်းတွေလည်း လျော့သွားတယ်။ ဒါကြောင့် တင်သွင်းဖို့တင်ပြတာ။ တင်သွင်းရင် တစ်ပိဿာကို ၅၀၀ လောက် ဖြစ်သွားနိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။ 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်မှ ပြောင်း ၃၀ ရာခိုင်နှုန်းခန့်ထွက်ရှိပြီး ကယားပြည်နယ်ဘက်မှ ပြောင်း ၇၀ ရာခိုင်နှုန်းခန့်ထွက်ရှိကာ ကယားပြည်နယ်ဘက်က ထွက်ရှိသည့် ပြောင်းများကို မြဝတီ၊ မူဆယ်တို့ဘက်မှ တရုတ်နိုင်ငံသားများ လာရောက်ဝယ်ယူကြသောကြောင့် ပြည်တွင်းက ထွက်ရှိသည့်ပြောင်းများ ဈေးမြင့်တက်ခြင်းဖြစ်ကြောင်း ငါး၊ ပုစွန် အစာအသင်းထံမှ သိရသည်။ 

“ဝန်ကြီးဌာနအနေနဲ့ ခွင့်ပြုတယ်၊ မပြုဘူးဆိုတာက တင်ပြချက်တွေကို ပြည်ထောင်စုဝန်ကြီးတွေဆီ တင်ပြရဦးမှာ။ သူတို့ကတော့ ဒီမှာဈေးမြင့်နေတဲ့အတွက် ဈေးနှုန်းအရ တင်သွင်းချင်တယ် ဆိုတာမျိုးကို တင်ပြတာ။ ပြောင်းက တရားဝင် တင်သွင်းခွင့်ပြုမထားတဲ့အတွက် လတ်တလော ခွင့်ပြုပေးလိုက်လို့မရဘူး။ စဉ်းစားချင့်ချိန်ရဦးမှာ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။ 

ပြည်တွင်းက ပြောင်းစိုက်တောင်သူများ၏ အကျိုးစီးပွားကာကွယ်ရန်အတွက် ပြောင်းတင်သွင်းခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်ပြီး ပြည်ပက ပြောင်းတင်သွင်းခွင့်ပြုရန်အတွက် မတ်လ ၂၀ ရက်နေ့က နေပြည်တော်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးချက်များကို ပြည်ထောင်စုဝန်ကြီးများထံ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

J-11