News

POST TYPE

NEWS

မင်းလှတွင် ဘင်္ဂါလီ ၁၀ ဦး ထပ်မိ
21-Mar-2018 tagged as ဘင်္ဂါလီ မကွေး

ရန်ကုန်၊ မတ် ၂၀

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့သို့ သွားရောက်မည့် ဘင်္ဂါလီ ၁၀ ဦးကို ဖမ်းဆီးရမိကြောင်း ရေနံမနယ်မြေ ရဲစခန်းထံမှ သိရသည်။

မင်းလှမြို့နယ် ရေနံမနယ်မြေစခန်း အနောက်တောင်ဘက် (၁၆) မိုင်အကွာရှိ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် အမှတ် (၂၄၅/၂) အနီး ဈေးကြီးကျေးရွာအဝင် လမ်းထိပ်တွင် မသင်္ကာဖွယ်ရာလူ ၄ ဦးကို စစ်ဆေးရာမှ ၎င်းတို့ခေါ်ဆောင်လာသည့် ဘင်္ဂါလီ ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါနယ်မြေရဲစခန်းထံမှ သိရသည်။

“ပထမအကြိမ်မိကတည်းက မကုန်သေးဘူးဆိုတာ သိတယ်။ အဲဒါကြောင့် တပ်ဖွဲ့ဝင်တွေနဲ့အတူ အရပ်သားပြည်သူတွေ ပူးပေါင်းပြီး လှည့်ကင်း၊ ဝပ်ကင်းတွေနဲ့ လာနိုင်တဲ့လမ်းကြောင်းတွေမှာ ဂိတ်ပေါက်တွေကို နေရာတွေဖြန့်ခွဲချထားတာ။ သတင်းပေးချက်တွေအရ မသင်္ကာတာနဲ့ စစ်ဆေးရင်းဖမ်းမိတာ”ဟု ရေနံမ နယ်မြေစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက ပြောကြားသည်။

ဘင်္ဂါလီတစ်ဦးလျှင် ကျပ်နှစ်သိန်းခွဲနှုန်းဖြင့် ခေါ်ဆောင်လာသည့် ဘိုဘိုအောင် (၁၇ နှစ်)၊ အောင်တင် (၃၇ နှစ်)၊ ဦးပေ (၄၇ နှစ်) နှင့် အောင်ဆန်း(၂၆ နှစ်) တို့ ၄ ဦးကို ရဲအုပ်မြင့်ဇော်ဦးက တရားလိုလုပ်ပြီး ရေနံမနယ်မြေရဲစခန်းက (ပ)၁၅/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ (၃၆၇) ဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အဆိုပါ နယ်မြေရဲစခန်းထံမှ သိရသည်။

ယင်းဘင်္ဂါလီများသည် မင်းပြားမြို့နယ်မှ တစ်ဦး၊ မြောက်ဦးမြို့နယ်မှ ၉ ဦး ဖြစ်ကြောင်း၊ ၎င်းတို့ကို ရခိုင်ပြည်နယ် အမ်းမြို့မှ မကွေးတိုင်းအတွင်းသို့ ငဖဲမြို့နယ် ဂုတ်ကြီးတောင်ပေါ်လမ်းနှင့် မင်းလှမြို့နယ်တို့မှ ခေါ်ဆောင်လာခဲ့ကြပြီး ပြီးခဲ့သည့်နှစ်အတွင်းက ဂုတ်ကြီးလမ်းကြောင်းမှ ဘင်္ဂါလီများကို အများဆုံးဖမ်းမိရခဲ့ကာ ယခုနှစ်တွင် လမ်းကြောင်းပြောင်းကာ တောလမ်းများမှတစ်ဆင့် မင်းလှမြို့နယ်အတွင်း ဖြတ်သန်းခေါ်ဆောင်လာကြခြင်းဖြစ်ကြောင်း အဆိုပါနယ်မြေ ရဲစခန်းထံမှ သိရသည်။

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် ၂၀၁၈ ခုနှစ် မတ်လအတွင်း ၅ ကြိမ် ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ဘင်္ဂါလီဦးရေ ၂၅ ဦး ရှိပြီဖြစ်ကြောင်း အဆိုပါ နယ်မြေရဲစခန်းထံမှ သိရသည်။ 

လွင်အေး