News

POST TYPE

NEWS

မြန်မာ့စစ်ရေး၊ နိုင်ငံရေးပြဿနာကို တရုတ် ဦးဆောင်ဖြေရှင်းပေးရန် မြောက်ပိုင်းအဖွဲ့ တောင်းဆို
ရန်ကုန်၊ မတ် ၂၀

မြန်မာ့စစ်ရေးနှင့် နိုင်ငံရေးပြဿနာများကို ဦးဆောင်ဖြေရှင်းပေးရန် “ဝ” တပ်ဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များက တရုတ်အစိုးရကို တောင်းဆိုသည့်အချက်ပါရှိသော ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။

တရုတ်အမျိုးသား ကွန်ဂရက်မှ လက်ရှိသမ္မတ ရှီကျင့်ဖျင်ကို ခေါင်းဆောင်အဖြစ်ထား၍ အစိုးရပြင်ဆင်တိုးချဲ့ဖွဲ့စည်းလိုက်သည့် တရုတ်အစိုးရအဖွဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဘောထား ထုတ်ပြန်ချက်တစ်စောင်ကို မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FCNPP) က မတ်လ ၂၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းတောင်းဆို ထားခြင်းဖြစ်သည်။

တရုတ်အစိုးရမှ ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်များရွေးချယ်ကာ အစိုးရပြင်ဆင် တိုးချဲ့ဖွဲ့စည်းလိုက်သည့်ကို FCNPP မှ ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်ချက်၏ နောက်ဆုံးအပိုင်းတွင် တရုတ်နိုင်ငံအနေနဲ့ မြန်မာ့နိုင်ငံရေး စစ်ရေးအကြပ်အတည်းကို ဦးဆောင်ဖြေရှင်းပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေနှင့် စစ်ရေး၊ နိုင်ငံရေး အကြပ်အတည်း ခက်ခဲကြီးမားစွာ ရင်ဆိုင်နေရပြီး တရုတ်အစိုးရအနေနှင့် ဦးဆောင် ဖြေရှင်းပေးရန် နှင့် တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများအား အထူး အလေးပေး ကူညီစောင့်ရှောက်ပေးရန် အနူးအညွတ် တောင်းဆိုကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏စစ်ရေး နိုင်ငံရေး အကြပ်အတည်းမှာ အတိုင်းအတာတစ်ခုအထိရှိနေပြီး တရုတ်နိုင်ငံနယ်စပ်တွင် ဖြစ်နေသည့်အတွက် နယ်စပ်ဒေသတည်ငြိမ်ရေး တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှု လိုအပ်နေ၍ ယင်းသို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA/UWSP) ပြင်ပ ဆက်ဆံရေး တာဝန်ခံဖြစ်သူ ဦးညီရမ်းက ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြောကြားသည်။

“အရင်တုန်းကလည်း တရုတ်အနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ညှိနှိုင်းပေးနေတာတွေ ရှိနေတာပဲ။ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့အတွက် နယ်စပ်ဒေသတွေမှာလည်း တည်ငြိမ်အေးချမ်းဖို့ လိုအပ်တယ်။ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှ တရုတ်နိုင်ငံသာမက မြန်မာနိုင်ငံလည်း အပြန်အလှန်အကျိုးတွေရှိမှာပဲ။ ဖွံ့ဖြိုးတိုးတက်ဖို့က နယ်စပ်ဒေသ တည်ငြိမ်ဖို့လည်း လိုတာကိုး။ ရှေ့ဆက်ပြီးတော့လည်း ကြားဝင် စေ့စပ်ပေးသွားမယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်လေ။ တောင်းဆိုချက်ထဲမှာလည်း တောင်းဆိုထားတယ်”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ထို့ပြင် “ဝ” တပ်ဖွဲ့အနေနှင့် NCA စာချုပ်ကို ဆန့်ကျင်နေသည့် သဘောထားမဟုတ်ဘဲ NCA ပါ အချက်အချို့တွင် သဘောမတူသည့်အချက်များ ပါနေသေးသည့်အတွက် “ဝ”ဌာနချုပ်နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ ရှေ့ဆက်ညှိနှိုင်းသွားရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ငြိမ်းချမ်းရေး ကော်မရှင်တာဝန်ရှိသူတစ်ဦးက “ဝ” နှင့် မိုင်းလားအဖွဲ့တို့ NCA ကို သဘောတူပြီ ဖြစ်ကြောင်း ပြောကြားခဲ့မှုအပေါ် ငြင်းဆိုသည့် ထုတ်ပြန်ချက်တစ်စောင် UWSA က ထုတ်ပြန်ခဲ့ပြီး NCA စာချုပ်ကို “ဝ” တပ်ဖွဲ့အနေနှင့် ဆန့်ကျင်ခြင်း မရှိသော်လည်း အတိအလင်း လက်ခံထားခြင်း မရှိသေးကြောင်း NCA ပါ အချက်အချို့ကို သဘောမတူသေးကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA/UWSP) နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့ (NDAA) တို့သည် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆွေးနွေးမှု ကော်မတီ (FCNPP) အတွင်း ပါရှိသည့်အဖွဲ့များ ဖြစ်ပြီး အစိုးရ၏ NCA လမ်းကြောင်းကို လိုက်ပါဆွေးနွေးခြင်းမရှိဘဲ အပစ်ရပ်လမ်းကြောင်းအသစ်ကို ထုတ်ပြန်ထားသည်။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်သည် “ဝ” ဦးဆောင်သည့် FCNPP ကော်မတီတစ်ခုလုံးအနေနှင့် တွေ့ဆုံဆွေးနွေးရန် ငြင်းဆိုထားပြီး “ဝ” နှင့် မိုင်းလားနှစ်ဖွဲ့ကို သီးခြားစီ တွေ့ဆုံကာ ဆွေးနွေးနေခြင်းဖြစ်သည်။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များသည် “ဝ” တပ်ဖွဲ့ဦးဆောင်သည့် နိုင်ငံရေး ဆွေးနွေးမှုကော်မတီ FCNPP ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဩဂုတ်လက ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့တွင် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ မိုင်းလား (NDAA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO) တအောင်း ပလောင်အဖွဲ့ (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်အဖွဲ့ (MNDAA) စသည့် လက်နက်ကိုင်အဖွဲ့များ ပါဝင်နေသည်။

J-08