News

POST TYPE

NEWS

မြန်မာ့ဒေသရင်း လိပ်မျိုးစိတ်ကို ၁၁ မျိုးသတ်မှတ်
20-Mar-2018 tagged as မြန်မာ

ရန်ကုန်၊ မတ် ၂၀

မြန်မာနိုင်ငံတွင်သာရှိသော ဒေသရင်းလိပ်မျိုးစိတ်များကို ယခင်ကရှစ်မျိုးဟုသာ သတ်မှတ်ထားသော်လည်း ယခုအခါ သုံးမျိုးထပ်တိုး၍ ၁၁ မျိုးအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) ထံမှ သိရသည်။

အသစ်ထပ်မံတိုးလာသည့် လိပ်မျိုးစိတ်များမှာ မြန်မာအနားပျော့လိပ်၊ မြန်မာ့ဖက်လိပ်နှင့် မြန်မာ့လေးကွက်လိပ်တို့ ဖြစ်သည်။

ယခုနှစ် IUCN Red List အစည်းအဝေးတွင် လိပ်မျိုးစိတ်ပေါင်း ၉၀ ကို ပြန်လည်သုံးသပ်ခဲ့ပြီး ယခင်က အရှေ့တောင်အာရှတွင်သာရှိသည့် အနားပျော့လိပ်ဟူ၍ စုပေါင်းသတ်မှတ်ထားရာမှ ယခုအစည်းအဝေးတွင် မြန်မာ့အနားပျော့လိပ်ဟူ၍ သီးသန့်ပြန်ခွဲကာ တစ်မျိုးထပ်တိုး သတ်မှတ်ခြင်းဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့နှင့် လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ထံမှ သိရသည်။

ယခင်ကဒေသရင်းဖွားမျိုးစိတ် ရှစ်မျိုးအနက်မှ မျိုးစိတ်ခွဲနှစ်မျိုးအဖြစ် သတ်မှတ်ထားခဲ့သည့် မြန်မာ့လိပ်ရင်ကျိုးနှင့် မြန်မာလိပ်ပုပ်ကြီးတို့ကိုလည်း မျိုးစိတ်ခွဲအဖြစ် မဟုတ်တော့ဘဲ မျိုးစိတ်တစ်မျိုးစီအဖြစ် သီးသန့် သတ်မှတ်လိုက် ခြင်းဖြစ်သည်။

အဆိုပါမျိုးရင်း ၁၁ မျိုးမှာ မြန်မာအနားပျော့လိပ်၊ မြန်မာ့ဖက်လိပ်၊ မြန်မာ့ လေးကွက်လိပ်၊ မြန်မာ့တိုက်လိပ်၊ ရှမ်းကြီးလက်မောင်းလိပ်၊ မြန်မာ့ကြယ်လိပ်၊ မြန်မာစင်းလျောလိပ်၊ မြန်မာမျက်လုံးလိပ်၊ ရခိုင်တောင်လိပ်၊ မြန်မာလိပ်ပုပ်ကြီးနှင့် မြန်မာ့လိပ်ရင်ကျိုးတို့ဖြစ်ကြောင်း လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ထံမှ သိရသည်။ 

လိပ်မျိုးစိတ်များကို စားသောက်ရန်၊ ဆေးဖော်စပ်ရန်နှင့် အိမ်မွေးတိရစ္ဆာန်အဖြစ် ရောင်းချရန်အတွက် တရားမဝင် ရောင်းဝယ်ဖောက်ကားမှုများ ရှိနေခြင်းကြောင့် ရှားပါးလိပ်မျိုးစိတ်များမှာ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ထိန်းသိမ်းရေးပညာရှင်များက ပြောကြားသည်။

ယင်းကြောင့် မျိုးသုဉ်းရန်အန္တရာယ်ရှိနေသည့် လိပ်မျိုးစိတ်များ ကာကွယ်ထိန်းသိမ်းရေးကို သစ်တောဦးစီးဌာန၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်)နှင့် လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

E-03