News

POST TYPE

NEWS

တောင်ငူသင်္ကြန်ပွဲတော်အတွင်း ပြီးခဲ့သည့်နှစ်ထက် လုံခြုံရေးအင်အားပိုတိုးမည် 
တောင်ငူ၊ မတ်​ ၁၉

ပဲခူးတိုင်း တောင်ငူမြို့နယ်တွင် ယခုနှစ် သင်္ကြန်ပွဲတော်ရက်အတွင်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အင်အား ပြီးခဲ့သည့် နှစ်​ကထက်​ ပိုမိုချထားကာ တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ သင်္ကြန်ပွဲတော်ရက်အတွင်း လူစည်ကားရာ မဏ္ဍပ်ကြီးများ၌ လုံခြုံရေးအင်အား ပိုမိုချထားပေးမည်ဖြစ်ပြီး မြို့ဝင် မြို့ထွက်နေရာများတွင် လုံခြုံရေးအင်အား အပြည့်ဖြင့် အတာသင်္ကြန်ပွဲ ဆင်နွှဲကြသူများ လုံခြုံအေးချမ်းစွာ ဆင်နွှဲနိုင်ရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး လက်အောက်ရှိ မြို့နယ်နှင့် နယ်မြေစခန်းများမှ ရဲတပ်ဖွဲ့ဝင်များအပြင် တောင်ငူမြို့နယ် အမှတ် ၁၁ ရဲတပ်ရင်း တပ်ဖွဲ့ဝင်များကို ထည့်သွင်းရန် ပြင်ဆင်ထားကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

“မနှစ်က သင်္ကြန်ပွဲတော် လုံခြုံရေးအတွက် ချထားခဲ့တဲ့ ရဲအင်အား ၃၀၀ ​ကျော်​ထက်​ပိုပြီး တိုးမြှင့်ချထားဖို့ပြင်​ဆင်​​နေပါတယ်​။ ပွဲတော်လုံခြုံရေး စီမံချက်တွေ လည်း​ရေးဆွဲပြီးပါပြီ”ဟု တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးစန်းစန်းဝင်းက​ ပြောကြားသည်။

ယခုနှစ်သင်္ကြန်ပွဲ​တော်​ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီကို ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး အုပ်ချုပ်ရေး၊ တရားရေးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးရုံး တာဝန်ရှိသူများနှင့် ဖွဲ့စည်းပြီးဖြစ်ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-15