News

POST TYPE

NEWS

ကျောက်မျက်ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း ဖားကန့်ဒေသခံ ရာချီဆန္ဒပြ


မန္တလေး၊ မတ် ၁၉

ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့သည့် ကျောက်မျက်ဥပဒေကြမ်း (၂၀၁၇) ကို ကန့်ကွက်ကြောင်း ဖားကန့်ဒေသခံ ၁၀၀ ကျော်က မတ်လ ၁၉ ရက် နံနက်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။

ယင်းဆန္ဒပြမှုကို ကချင်အမျိုးသား ကွန်ဂရက်ပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီနှင့် ကချင်ဒီမိုကရက်တစ် ပါတီတို့က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ကျောက်မျက်ဥပဒေကြမ်း ၂၀၁၇ သည် ကချင်လူထုနှင့် နိုင်ငံသားများအတွက် အကျိုးစီးပွားဖော်ဆောင်ခြင်း မရှိကြောင်း ဖားကန့်မြို့ မော်ဝမ်းရပ်၌ ရှင်းလင်းပြောကြားပြီးနောက် ကျောက်တိုင်ကွင်းမှစတင်ကာ ဖားကန့်မြို့တွင်း လှည့်လည် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ 

“အကြီးစားထုတ်လုပ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီနေ့ထိ ရတနာနယ်မြေမှာ ဖျက်လိုဖျက်ဆီးလုပ်လာတာ။ အဲဒါကို ပြည်သူတွေကိုယ်စား ကျွန်တော်တို့ပါတီတွေက ဆန့်ကျင်ဆန္ဒပြတာဖြစ်တယ်”ဟု ကချင်အမျိုးသားများ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအမ်ကွန်လက ပြောကြားသည်။

ဆန္ဒပြပွဲတွင် အကြီးစားလုပ်ကွက် အလိုမရှိ၊ ကျောက်မျက်ဥပဒေသစ် အမြန်ပြဋ္ဌာန်းပေးရေး၊ စက်ယန္တရားကန့်သတ်ပေးရေး အမြန်လုပ်ပေးရေး၊ ၂၄ နာရီ စက်ယန္တရားအသုံးပြုတူးဖော်မှု ချက်ချင်းရပ်ရေး၊ ကျောက်မျက်ထုတ်လုပ်ရောင်းချမှု နိုင်ငံသားတိုင်းရင်းသား လက်ထဲရရှိရေး၊ နိုင်ငံသားတိုင်းရင်းသားများ ကျောက်မျက်ထုတ်လုပ်ရေးကဏ္ဍ တန်းတူအခွင့်အရေးရရှိရေး၊ သက်တမ်းကုန်လုပ်ကွက်များ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် အမြန်ဆောင်ရွက်ပေးရေးနှင့် ဒေသခံရေမဆေးလုပ်သားများ အန္တရာယ်ကင်းရှင်းရေး အချက်များ တောင်းဆိုခဲ့ကြသည်။

ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီနှင့် ကချင်ဒီမိုကရက်တစ်ပါတီတို့၏ ဦးဆောင်မှုဖြင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မြစ်ကြီးနားမြို့၌ ပထမအကြိမ်ဆန္ဒပြခဲ့ပြီးနောက် ယခုဒုတိယအကြိမ် ဆန္ဒပြခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်က အဆိုပါ ကျောက်မျက် ဥပဒေကြမ်းကို ၂၀၁၇ ခုနှစ်၊ မတ်လ ၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ 

M-07