News

POST TYPE

NEWS

မကွေး၌ လမ်းလျှောက်သင်္ကြန် ပထမဆုံးပြုလုပ်မည်
20-Mar-2018 tagged as သင်္ကြန် မကွေး

မကွေး၊ မတ် ၁၉

မကွေးတိုင်း မကွေးမြို့အတွင်း ယခုနှစ် မဟာသင်္ကြန်ကာလ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရ လက်ထက်အတွင်း ပထမဆုံးအဖြစ် လမ်းလျှောက်သင်္ကြန်ပွဲ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ တိုင်းအစိုးရထံမှ သိရသည်။

အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲ ကျင်းပမည့်နေရာကို ရွေးချယ်နေဆဲဖြစ်ပြီး ယခုနှစ်သင်္ကြန်ပွဲတော်ကို ယခင်နှစ်များကထက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါတိုင်းအစိုးရထံမှ သိရသည်။

“လုပ်မှာကျိန်းသေတယ်။ စည်စည်ကားကား လုပ်မယ်။ အစိုးရအဖွဲ့က ဘယ်သူဦးဆောင်လုပ်မယ် မသိသေးဘူး။ လမ်းလျှောက်သင်္ကြန်မှာ မဏ္ဍပ်လေးတွေကို အစိုးရအဖွဲ့က ထိုးပေးသင့်တယ်လို့ ယူဆတယ်။ ပြင်ပကုမ္ပဏီတွေကတော့ ကိုယ်ပိုင်ငွေကြေးနဲ့ လုပ်ရမယ်”ဟု မကွေးတိုင်းဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦးက ပြောဆိုသည်။

လမ်းလျှောက်သင်္ကြန် ပြုလုပ်ရန်အတွက် မကွေးမြို့ပေါ်ရှိ အဓိကလမ်းမကြီးများထဲမှ ရေအခက်အခဲမရှိသည့် လမ်းမကြီးတစ်ခုကို ရွေးချယ်မည်ဖြစ်ပြီး လမ်းလျှောက် သင်္ကြန်ပွဲတော်သို့ လာရောက်မည့် ဆိုင်ကယ်နှင့် ကားများအတွက် ယာဉ်ရပ်နားစခန်း ပြုလုပ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါသင်္ကြန်ပွဲကျင်းပရန် လူမှုရေးအသင်းအဖွဲ့များကလည်း ပူးပေါင်းပါဝင်ပေးရန် အစိုးရအဖွဲ့ တာဝန်ရှိသူများက ချိတ်ဆက်ထားကြောင်း စည်ဖြိုးသူဖောင်ဒေးရှင်းမှ ဦးစည်ဖြိုးသူက ဆိုသည်။

တိုင်းမြို့တော်ဖြစ်သည့် မကွေးမြို့တွင်ကျင်းပမည့် သင်္ကြန်ပွဲတော်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ၂၀၁၆ နှင့် ၂၀၁၇ သင်္ကြန်ကာလများအတွင်း ကျင်းပခဲ့ခြင်းမရှိဘဲ ယခုနှစ်သင်္ကြန်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။

ယခုအစိုးရလက်ထက် ပထမဆုံး လမ်းလျှောက်သင်္ကြန်ပွဲတော်ကို မန္တလေးမြို့၌ ၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်းက ပထမဆုံးပြုလုပ်ခဲ့ပြီး ယခုနှစ်သင်္ကြန်၌ ရန်ကုန်မြို့တော်၌လည်း ပထမဆုံး လမ်းလျှောက်သင်္ကြန်ပွဲတော်ကို မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီး မြေပဒေသာကျွန်း၊ ကန်တော်မင်ပန်းခြံတို့၌ ပြုလုပ်မည်ဖြစ်သည်။

လွင်အေး