News

POST TYPE

NEWS

လားဟူအဖွဲ့ ညီလာခံကျင်းပ၊ NCA အကောင်အထည်ဖော်ရေး ဆွေးနွေးမည်
20-Mar-2018 tagged as NCA ညီလာခံ

ရန်ကုန်၊ မတ် ၁၉

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၏ ညီလာခံကို မတ်လ ၁၉ ရက်က စတင်ကျင်းပနေကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

နှစ်ရက်တာ ကျင်းပပြုလုပ်မည့် အဆိုပါညီလာခံတွင် NCA အကောင်အထည်ဖော်ရေး ကိစ္စရပ်များကို အဓိကထားဆွေးနွေးမည်ဖြစ်ပြီး ဗဟိုကော်မတီဝင်များ ပြောင်းလဲဖွဲ့စည်းခြင်းကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း LDU ဗဟိုကော်မတီဝင်များထံမှ သိရသည်။

လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) သည် NCA သဘောတူစာချုပ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်က မွန်ပြည်သစ်ပါတီ (NMSP) နှင့်အတူ ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့လည်းဖြစ်သည်။

ယခုကျင်းပသည့် ညီလာခံသည် LDU ၏ ခြောက်ကြိမ်မြောက် ကျင်းပသည့် ညီလာခံလည်းဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ်လ ၁၉ ရက်မှ ၂၀ ရက်နေ့ထိ ကျင်းပမည်ဖြစ်သည်။

အဆိုပါညီလာခံတွင် NCA အကောင်အထည်ဖော်မှုများနှင့် လားဟူတိုင်းရင်းသားများအတွက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပြီး ၂၁ ရာစု ပင်လုံညီလာခံတွင် ပါဝင်ရေးအတွက်လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း LDU ဗဟိုကော်မတီဝင်တစ်ဦးက ပြောကြားသည်။

“၂၁ ပင်လုံ နီးပြီဆိုတော့ ဘာတွေလိုအပ်မလဲဆိုတာ ခေါင်းဆောင်ပိုင်းက ဆွေးနွေးတိုင်ပင်ဖို့ ညီလာခံခေါ်လိုက်တာပေါ့”ဟု ၎င်းက ဆိုသည်။

လားဟူဒီမိုကရက်တစ် အစည်းအရုံး၏ လက်ရှိဥက္ကဋ္ဌအဖြစ် ကြာခွန်ဆာက တာဝန်ယူထားပြီး ဒုဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီးဆော်လမွန်က တာဝန်ယူထားသည်။

လားဟူဒီမိုကရက်တစ် အစည်းအရုံးသည် ၁၉၇၃ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် လားဟူ အမျိုးသားအဖွဲ့ချုပ်ကို အမည်ပြောင်းလဲဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်တွင် အခြေပြုသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။

J-08

  • VIA