News

POST TYPE

NEWS

အဂတိလိုက်စားသည်ဆိုသော တိုင်ကြားစာကြောင့် ဒဂုံတက္ကသိုလ် ပထဝီဝင်ဌာနကို စစ်ဆေး
ရန်ကုန်၊ မတ် ၁၉

ဒဂုံတက္ကသိုလ် ပထဝီဝင်ဌာန၊ ပါမောက္ခဌာနမှူးတစ်ဦးကို အဂတိလိုက်စားသည်ဆိုကာ တိုင်ကြားစာ ရရှိသောကြောင့် ယင်းဌာနမှ ပါမောက္ခ၊ ဌာနမှူးနှင့် ဆရာ၊ ဆရာမ ၁၁ ဦးတို့ မတ်လ ၁၈ ရက်တွင် တက္ကသိုလ် စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရှိရသည်။

ပထဝီဝင်ဌာန ပါမောက္ခ၊ ဌာနမှူးအနေနှင့် လာဘ်ပေးလာဘ်ယူမှု ရှိသည်ဆိုကာ ယင်းတက္ကသိုလ် ပထဝီဝင်ဌာနမှ ကထိက ဒေါ်ထက်ထက်နိုင်ဆိုသူနှင့် ဆရာမများ၊ ဒဂုံတက္ကသိုလ်ဆရာများ သမဂ္ဂအဖွဲ့ဝင် ဆရာများက နိုင်ငံတော်သမ္မတရုံးသို့ တိုင်ကြားခဲ့သဖြင့် တက္ကသိုလ် စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့တိုင်ကြားခံရသဖြင့် ကျောင်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးစဉ် မဟုတ်မှန်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ကြောင်းနှင့် ဒဂုံတက္ကသိုလ် ပထဝီဝင်ဌာနတွင် ဒေါ်ထက်ထက်နိုင်အမည်နှင့် ကထိကတစ်ဦးမျှမရှိသကဲ့သို့ အခြားရာထူးများမှ နာမည်တူ ဆရာမလည်း မရှိဖူးကြောင်း အမည်မဖော်လိုသည့် ပထဝီဝင်ဌာန ပါမောက္ခ၊ ဌာနမှူးတစ်ဦးက ရှင်းပြသည်။

၎င်းက “ကျွန်တော့်ကို ဒီလိုမှားယွင်းတိုင်ကြားတဲ့အတွက် ကျောင်းစစ်ဆေးရေးအဖွဲ့က စုံစမ်းနေတယ်။ ကျွန်တော်ကတော့ မဟုတ်တဲ့အကြောင်း ပြောလိုက်တာပဲ။ တိုင်ကြားတဲ့သူကလည်း ဘယ်သူမှန်း မသိတော့ ဘာအမှုမှ လုပ်မရဘူး”ဟု ပြောကြားသည်။

တိုင်ကြားရာတွင် ပါဝင်သည့် ဒဂုံတက္ကသိုလ် ဆရာများသမဂ္ဂအနေနှင့်လည်း ၎င်းတို့သမဂ္ဂမှ ဆရာ၊ ဆရာမ တစ်ဦးတစ်ယောက်မျှ တိုင်ကြားခြင်းမရှိကြောင်းနှင့် မှားယွင်းတိုင်ကြားခံရပြီး စစ်ဆေးခံရသည့် ဆရာများအတွက် စိတ်မကောင်းကြောင်း မတ်လ ၁၉ ရက်တွင် ရှင်းလင်းသည်။

ယင်းသမဂ္ဂအတွင်းရေးမှူး ဦးမင်းဇင်က “ဒီလို မမှန်မကန်အမှုကို နိုင်ငံတော်အဆင့်ထိတိုင်တာ မျက်နှာပြောင်တိုက်ရာ ကျတယ်။ ဆရာများ သမဂ္ဂအမည်ကို ခုတုံးလုပ်တယ်။ အဲဒါကြောင့် တိုင်ကြားသူကို စုံစမ်းပြီးရင် တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကျောင်းစစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူများထံ မေးမြန်းရန် အဆက်အသွယ် တောင်းသော်လည်း လျှို့ဝှက် အဖွဲ့အစည်းဖြစ်သောကြောင့် ဆက်သွယ်မေးမြန်း၍ မရနိုင်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရှိရသည်။

ဒဂုံတက္ကသိုလ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး တက္ကသိုလ်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ပါမောက္ခ ၃၄ ဦး၊ တွဲဖက်ပါမောက္ခ ၄၉ ဦး၊ ကထိက ၆၅၁ ဦး၊ လက်ထောက်ကထိက ၂၅၅ ဦးနှင့် နည်းပြ၊ သရုပ်ပြ ၆၄ ဦးရှိပြီး နေ့သင်တန်းကျောင်းသား၊ ကျောင်းသူ ၂၅၀၀၀ ကျော် တက်ရောက်နေကြောင်း ယင်းတက္ကသိုလ်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

J-19