News

POST TYPE

NEWS

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး လေးမိုင်ကျော် ကာပြီးဟု အစိုးရပြော
19-Mar-2018


ရန်ကုန်၊ မတ် ၁၉

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ အသစ်ဆောက်လုပ်ကာရံရန် ကျန်ရှိသော ခြံစည်းရိုးမိုင် ၄၀ အနက် လေးမိုင်ကျော်ကို ကာရံပြီးစီးနေပြီဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိတစ်ဦးက ပြောကြားသည်။

“နယ်စပ်ခြံစည်းရိုးက မိုင်တိုင်လေးခုကျော်လောက် အသစ်ကာပြီးပြီ။ တောက်လျှောက်လုပ်သွားဖို့ရှိတယ်။ တပ်မတော် စစ်အင်ဂျင်နီယာရုံးက တာဝန်ယူလုပ်တာဆိုတော့ မြေပြင် အခြေအနေတော့ အသေးစိတ် မသိရသေးဘူး”ဟု ၎င်းကဆိုသည်။

ထို့အပြင် ယခင် ကာရံထားသည့် ခြံစည်းရိုး ဧရိယာရှိ မိုင် ၁၃၀ ခန့်မှ လုံခြုံရေး စည်းကျိုးပေါက်နိုင်မည့် သံဆူးကြိုးအပေါက်များကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က စစ်ဆေးပေးလျက်ရှိပြီး သတင်းပေးပို့ပါက ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေးအဖွဲ့အစည်းတို့ ဦးဆောင်ကာ တာဝန်ယူပြုပြင်နေကြောင်း၊ လက်ရှိတွင် လူဝင်ရောက်နိုင်သော သံဆူးကြိုးအပေါက် ၁၅၀ ခန့် ဖာထေးပြုပြင်ထားပြီဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

ထို့အပြင် နယ်စပ်ခြံစည်းရိုး၌ ကာရံနေသည့် သံဆူးကြိုးများသည် လုံခြုံရေးအရ ခိုင်ခံ့သည့်အဆင့်ရှိသော ပြင်ပနိုင်ငံထုတ် သံမဏိသံဆူးကြိုး အမျိုးအစားကို အသုံးပြုထားခြင်းဖြစ်ပြီး နယ်စပ်ခြံစည်းရိုးတစ်လျှောက်ရှိ အသစ်ကာရံရမည့် လမ်းကြောင်းတွင်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တပ်မတော် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့ ဦးဆောင်၍ လမ်းဖောက်လျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ ဆက်လက်သိရသည်။

“နယ်စပ်ခြံစည်းရိုး ကာရံ/ ပြင်ဆင်မှုအပိုင်းက နိုင်ငံတော်အဆင့်က လုပ်နေတာ။ အုပ်ချုပ်အဖွဲ့အစည်းတွေကို စုံစမ်းမေးမြန်းပါ။ တချို့ကိစ္စတွေက ကျွန်တော်တို့ ဘာမှမသိရတာတွေ ရှိတယ်”ဟု မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

နယ်စပ်ခြံစည်းရိုးကာရံရေး အသုံးစရိတ်ကို အစိုးရက ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် လုပ်ငန်းဆောင်ရွက်မည့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးသို့ ပထမအဆင့် ငွေကျပ်ဘီလီယံ ၂၀ လက်ငင်း ဖြည့်ဆည်းပေးထားပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ရန်ပုံငွေအရ ငွေကျပ် ၆ ဘီလီယံအပြင် ဖြည့်စွက်သုံးစွဲရန် ငွေကျပ် ၂ ဘီလီယံပေးထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည်။

ထို့ကြောင့် နယ်စပ်ခြံစည်းရိုးပြုပြင်မှု၊ အသစ်ကာရံမည့် ခြံစည်းရိုးများ ဆောင်ရွက်မှု အခြေအနေနှင့်ပတ်သက်၍ နယ်စပ်လုံခြုံရေး တာဝန်ယူ ဆောင်ရွက်နေသည့် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်မှ ရဲမှူးကြီး ဗညားဦးကို ဆက်သွယ်မေးမြန်းရာတွင် “နယ်ခြားစောင့် ရဲတပ်ဖွဲ့ဆိုတာ နယ်စပ်လုံခြုံရေးအတွက်ပဲ တာဝန်ယူတာပါ။ နယ်စပ်ခြံစည်းရိုးကိစ္စအတွက် ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ တာဝန်လည်း ပေးမထားဘူး”ဟု ဆိုသည်။

ထို့အပြင် နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်သည် နယ်စပ်တစ်လျှောက်ရှိ လုံခြုံရေးလမ်းကြောင်းများကို တပ်မတော်နှင့်ပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်ကြောင်း ရဲမှူးကြီး ဗညားဦးက ဆက်လက်ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် Shahpori ကျွန်းမှ မိုင် ၁၇၀ ရှည်သော ပတ်လမ်းတစ်ခုနှင့် သံဆူးကြိုးခတ်၍ ခြံစည်းရိုးကာရံရန် ယခုနှစ်အတွင်း စတင်စီစဉ်နေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ဖေဖော်ဝါရီ လဆန်းက နိုင်ငံတကာ မီဒီယာအချို့တွင် ဖြေကြားထားသည်။

J-17