News

POST TYPE

NEWS

မန္တလေး လူစုလူဝေးပါဝင်သူများအနက် ၁၁ ဦးကို အမှုဖွင့်
19-Mar-2018 tagged as မန္တလေး



မန္တလေး၊ မတ် ၁၉

ယမန်နေ့ မတ်လ ၁၈ ရက်ညက မန္တလေးတွင်ဖြစ်ပွားခဲ့သည့် လူစုလူဝေးတွင်ပါဝင်ပြီး ရဲစခန်းနှင့် ရဲတပ်ဖွဲ့ဝင်များကို ခဲ၊ ပုလင်းများဖြင့် ပစ်ပေါက်ခဲ့သူ ၁၁ ဦး (ကျား ၁၀ ဦး၊ မ ၁ ဦး) ကို ဖမ်းဆီးထိန်းသိမ်းကာ အမှုဖွင့်ထားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးအောင်က ပြောကြားသည်။

အမျိုးသမီးနှင့် အမျိုးသားသုံးဦးကို ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆ (၁) ဖြင့်လည်းကောင်း ကျန်အမျိုးသားခုနစ်ဦးကို တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များကို တာဝန်ဝတ္တရားနှောင့်ယှက်မှုပုဒ်မ ၃၅၄၊ ဆဲဆိုခြင်းများပြုလုပ်ခဲ့သည့်အတွက် ပုဒ်မ ၂၉၄၊ ခဲများ၊ ပုလင်းများဖြင့် ပစ်ပေါက်သည့်အတွက် ၃၃၆၊ လူအများပါဝင်ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

"ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ နဲ့ ဖွင့်ထားတဲ့အမှုက တရားခံကို သူတို့ (လူထု) က အားမလိုအားမရဖြစ်ပြီးတော့ ဥပဒေနှင့်မညီပဲ ရဲစခန်းကိုတောင်းဆိုတယ်။ ခဲတွေနှင့်ထုတယ်။ ဒီလုပ်ရပ်သည် ဥပဒေနှင့် မညီတာဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးရေးကို ရှေးရှုပြီးတော့ အမှုဖွင့်အရေးယူထားတာပေါ့"ဟု ခရိုင်ရဲတပ်ဖွဲ့မှူးမျိုးအောင်က ပြောကြားသည်။

"ကျွန်တော်တို့ကတော့ တိုင်ကြားလာတဲ့အတွက် တရားခံကိုဖမ်းတယ်။ စစ်ဆေးတယ်။ စွပ်စွဲခံရသူကလည်း သူလုပ်ကြောင်းဝန်ခံထားပါတယ်။ သူ့ကိုတရားဥပဒေအရ အရေးယူဖို့လုပ်ထားပြီးဖြစ်ပါတယ်။ ဒါကို ပထမဆုံး ရပ်ကွက်သူရပ်ကွက်သားတွေက လာမေးကြတော့ စခန်းမှူးက သေချာရှင်းပြလိုက်လို့ ပြန်သွားကြပြီ။ အဲ့ဒါပြီးတော့မှ လမ်းပေါ်သွားလာနေကြတဲ့လူတွေ၊ အခြားသူတွေရောက်လာပြီး တရားခံထုတ်ပေးဖို့လာပြောကြတာ"ဟု ၎င်းက ထပ်မံပြောကြားသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်မှ ကလေးငယ် (၇ နှစ်ကျော်) တစ်ဦးကို အိမ်နီးချင်းဖြစ်သူ ကိုကျော်စိုး (၃၉ နှစ်) က ၎င်းခြံဝင်းအတွင်းလာကစားစဉ် စအိုအတွင်းလက်ဖြင့်နှိုက်ခဲ့သည်ကို ကလေးမိဘများက သိရှိပြီး မတ်လ ၁၈ ရက်တွင် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သဖြင့် ကျူးလွန်သည်ဆိုသော ကိုကျော်စိုးကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။

သက်ငယ်မုဒိမ်းကျူးလွန်သည်ဆိုကာ ဖမ်းဆီးထားသူကို ထုတ်ပေးရန် ရပ်ကွက်နေသူများအပါအဝင် လူအင်အား ၃၀၀ ခန့်စုဝေး၍ တောင်းဆိုရာမှ မတ်လ ၁၈ ရက် ည၇နာရီခန့်မှ ၉ နာရီခန့်အထိ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အမှတ် ၄ နယ်မြေရဲစခန်းရှေ့ လူစုလူဝေးဖြစ်ပေါ်ခဲ့ရာ သေနတ် ၈ ချစ်ပစ်ဖောက်(ရဲတပ်ဖွဲ့ကမူ တစ်ချက်သာပစ်ဖောက်ဟုဆို) ၍ လူစုခွဲခဲ့သည်။ လူစုအတွင်းမှ ခဲများဖြင့်ပစ်ပေါက်သဖြင့် စခန်းအတွင်းမှ သက်သေခံပစ္စည်းနှင့် မော်တော်ယာဉ်အချို့ ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

M-04