News

POST TYPE

NEWS

၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းပေးရေး မန္တလေးတွင် ဆန္ဒပြ
19-Mar-2018 tagged as ဆန္ဒပြ မန္တလေး



မန္တလေး၊ မတ် ၁၈

မန္တလေးမြို့ခံ ၁၀၀ ခန့်သည် မတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေးရေးအတွက် လူထုဟစ်တိုင်ကွင်းတွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်တော်တို့ဟာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပြင်ရပါမယ်။ တပ်မတော်အနေနဲ့ကလည်း ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်ဖို့ဆိုရင် ဒီဥပဒေကို ပြင်မှရပါမယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပြောင်းလဲမှုအတွက် အခြေခံဥပဒေဟာ အဓိကကျနေတဲ့ အခုအခံဖြစ်နေပါတယ်”ဟု အဆိုပါဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ဦးချိန်မော်က ပြောကြားသည်။

ယင်းဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူများသည် Freedom Fighter တံဆိပ်ရိုက်နှိပ်ထားသည့် တီရှပ်အင်္ကျီများ ဝတ်ဆင်ထားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အလိုမရှိ၊ စစ်မှန်ဒီမိုဥပဒေပြုဖို့ ၂၀၀၈ ခြေဥပြောင်းပစ်စို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး၊ ၂၁ ရာစု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအောင်မြင်ရေးစသည့် စာတန်းများပါသည့် ဗီနိုင်းများ ကိုင်ဆောင်ထားသည့်အပြင် ယင်းစာသားများကိုလည်း ကြွေးကြော်ခဲ့ကြသည်။

နိုင်ငံတော်အစိုးရတစ်ရပ်၏ လုပ်ဆောင်ချက်၊ ဦးတည်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကောင်းမွန်မှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်ကောင်းမွန်မည်ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်မှုတွင်ပါဝင်ခဲ့သူ ပြင်ဦးလွင်မြို့မှ ဒေါ်သိင်္ဂီက ပြောဆိုသည်။ 

M-04