News

POST TYPE

NEWS

ပေါက်ခေါင်းတိုက်နယ်ဆေးရုံ သောက်သုံးရေ အခက်အခဲဖြစ်
19-Mar-2018



ပြည်၊ မတ် ၁၈

ပေါက်ခေါင်းမြို့၊ တောင်လည်တိုက်နယ်ရှိ တိုက်နယ်ဆေးရုံတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှုနှင့် စတင်ကြုံတွေ့နေရ၍ အခက်အခဲရှိကြောင်း တောင်လည် တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာကျော်မိုးက ပြောကြားသည်။

ဖေဖော်ဝါရီလကုန်ခန့်မှ စတင်ကာ နွေအပူကြောင့် မြေအောက်ရေများပြတ်လပ်ကာ ရေမထွက်တော့သဖြင့် အနီးဝန်းကျင်ရှိ ပေါက်ခေါင်းမြို့ ပရဟိတအဖွဲ့များက ငါးရက်တစ်ကြိမ် ရေလာရောက်လှူဒါန်းနေရကြောင်း အဆိုပါ ဆေးရုံတာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

“ဆေးရုံမှာ ခွဲစိတ်တာတွေ မွေးလူနာတွေအတွက် ရေကလိုအပ်နေတယ်။ နောက်တခြားလူနာတွေ၊ လူနာစောင့်တွေအတွက်ရော ရေကနေ့စဉ် လိုအပ်နေတယ်။ တူးထားတဲ့တွင်းတွေကလည်း ရေမထွက်တော့ဘူး”ဟု ဒေါက်တာကျော်မိုးက ပြောဆိုသည်။

ပြီးခဲ့သည့် နှစ်များအတွင်းက မေလခန့်တွင် တစ်ရက်ခြားတစ်ခါ ရေအလှူခံရလေ့ရှိပြီး လက်ရှိရေအလှူခံခြင်းထက် ရေတွင်းတူးနိုင်ရန် ကြိုးစားလုပ်ဆောင်နေသော်လည်း အခက်အခဲများရှိနေကြောင်း၊ ယခုကဲ့သို့ရေရှားပါးမှုကြောင့် သန့်ရှင်းရေးအားနည်းခြင်း၊ သန့်စင်သော သောက်ရေမရှိခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ငါးဦးအထိရှိခဲ့ပြီး လက်ရှိဆေးရုံတွင် နှစ်ဦးတင်ထားရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီဘက်ကရွာတွေက ရေရှားတာတွေ စနေပြီ။ ဆေးရုံကအရေးကြီးတော့ သူ့ကိုသုံးရက်ခြား ငါးရက်ခြားတစ်ခါလောက် သွားလှူနေရတယ်။ တောင်လည်ရွာဘက်က လမ်းကလည်းမကောင်း၊ သွားလာရေးလည်းခက်ခဲတော့ တစ်နေ့နှစ်ခေါက်လောက်ပဲ သွားလှူနိုင်တယ်”ဟု ဆုံရိပ်ရေလှူ အဖွဲ့မှ ဦးစိုးမင်းအောင်က ပြောဆိုသည်။

အဆိုပါ ၁၆ ခုတင်ဆံ့ တောင်လည် တိုက်နယ်ဆေးရုံတွင် လက်ရှိလူနာ ၂၅ ဦး တက်ရောက်ကုသနေပြီး မွေးလူနာသုံးဦး ရှိနေကြောင်း၊ အဆိုပါဆေးရုံကို အနီးအနားရှိ ကျေးရွာ ၂၀ ကျော်မှ ဒေသခံများသည် အဓိကထား အားကိုးကုသနေရကြောင်း ဆေးရုံကော်မတီဝင်များထံမှ စုံစမ်းသိရှိရသည်။

“ဆေးရုံကျတော့ ပြည်ထောင်စု ဘတ်ဂျက်ကနေသွားတာဆိုတော့ တိုင်းဒေသကြီးကနေ အဆင်မပြေဘူး။ ဒါပေမဲ့ ပြင်ပအလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး ရေတူးပေးနိုင်အောင် လုပ်ဆောင်နေပါတယ်”ဟု ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောဆိုသည်။

M-06

  • VIA