News

POST TYPE

NEWS

ရေထွက်ကုန်တင်ပို့မှု ကန်ဒေါ်လာသန်း ၆၅၀ ခန့်ရရှိ

ရန်ကုန်၊ မတ် ၁၈

ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုအနေနှင့် ယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ်စ ဧပြီလမှ မတ်လ ၇ ရက်နေ့အထိ အမေရိကန် ဒေါ်လာသန်း ၆၅၀ ခန့် ရရှိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

၂၀၁၇ ဧပြီလမှ ယခုနှစ် မတ်လ ၇ ရက်နေ့အထိ ငါး၊ ပုစွန်၊ ငါးခြောက်နှင့် အခြား ရေထွက်ကုန်ပစ္စည်း မက်ထရစ်တန်ချိန် ၄၅၀၀၀၀ ခန့်တင်ပို့ထားပြီး အမေရိကန် ဒေါ်လာသန်း ၆၅၀ ခန့် ရရှိထားခြင်းဖြစ်ကာ ယခင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ကာလတူက အမေရိကန် ဒေါ်လာ ၅၀၂ သန်းနှင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ကာလတူက အမေရိကန်ဒေါ်လာ ၆၀၅ သန်းခန့် ရရှိခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာသန်း ၆၅၀ မှာ စံချိန်တင်ရရှိခြင်းဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

“တစ်ပတ်ကို ၁၁ သန်းနဲ့ ၁၅ သန်း ကြားမှာဝင်တဲ့အတွက် လက်ရှိ အမေရိကန် ဒေါ်လာသန်း ၆၅၀ လောက်ရရှိထားပြီး မတ်လကုန်ရက်မှာ မျှော်မှန်းထားတဲ့ သန်း ၇၀၀ လောက်ရမယ် ထင်ပါတယ်။ ဒါကြောင့် နိုင်ငံခြားဝင်ငွေ ပိုရဖို့အတွက် ရေထွက် ပို့ကုန် အသင်းရော ကြိုးစားကြရမှာပါ”ဟု ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောကြားသည်။

လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာသန်း ၁၀၀၀ အထိ တင်ပို့နိုင်ရန် မျှော်မှန်းထားပြီး ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှု တိုးတက်စေရန်အတွက်လည်း ငါး၊ ပုစွန် မွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောဆိုသည်။

“ငါး၊ ပုစွန်မွေးမြူတဲ့ လုပ်ငန်းရှင်တွေ တွေ့ကြုံနေရတဲ့ မြေယာ အခက်အခဲကို အားလုံး လုပ်နိုင်ကိုင်နိုင်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ထုတ်ပြန်ပြီး ကုန်ထုတ်လုပ်မှုကို အင်နဲ့အားနဲ့ တွန်းအားပေးလုပ်ရင် ၂၀၁၈ ခုနှစ်မှာ ငါး၊ ပုစွန် ထုတ်လုပ်မှုတွေ တိုးတက်လာပြီး မျှော်မှန်းသလောက် ဖြစ်မယ်လို့လည်း မျှော်မှန်းတယ်”ဟု မွေးမြူရေးလုပ်ငန်းရှင် ဒေါက်တာသက်မှူးက သုံးသပ်ပြောကြားသည်။

J-11