News

POST TYPE

NEWS

ဦးဝင်းထိန် နုတ်ထွက်မှု ဒေါ်အောင်ဆန်းစုကြည် ဩစတြေးလျ ခရီးစဉ်ပြီးမှ ဆုံးဖြတ်မည်
18-Mar-2018 tagged as ရန်ကုန်

ရန်ကုန်၊ မတ် ၁၈

NLD ပါတီဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ပါတီမှနုတ်ထွက်စာ တင်ထားသည့်ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်၏ ဩစတြေးလျ ခရီးစဉ်ပြီးမှသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ပါတီ၏ ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က မတ်လ ၁၈ ရက်တွင် ပြောကြားသည်။

“ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကနေ ဒီ့ထက် ဆုံးဖြတ်ခွင့်ရှိတဲ့ပုဂ္ဂိုလ်ဆီ ဒီစာကို ပို့ထားတယ်။ ဆုံးဖြတ်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်နဲ့ တွေ့ပြီးရင်တော့ အဖြေ ထွက်လာလိမ့်မယ်။ လာမယ့်ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာတော့ ထူးခြားလာပါလိမ့်မယ်”ဟု မုံရွာအောင်ရှင်က ဆိုသည်။

ဆုံးဖြတ်ခွင့်ရှိသည့် ပုဂ္ဂိုလ်ဆိုသည် မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပါသလားဟု မေးမြန်းမှုအပေါ် ၎င်းက မှန်ကန်ကြောင်း အတည်ပြုပြောကြားသည်။

“ဆုံးဖြတ်ခွင့်ရှိတာက သူပဲလေ၊ ဥပဒေအရ ပါတီတာဝန်တွေ မထမ်းဆောင်တာဘဲရှိတယ်။ ပါတီနဲ့ ကင်းကွာသွားတာ မှ မဟုတ်တာ”ဟု ၎င်းကဆိုသည်။

ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို မတ်လကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ၎င်းကိစ္စကို ထိုအစည်းအဝေး၌ ဆွေးနွေးအတည်ပြုမည်ဟု ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောဆိုထားသည်။

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ သောကြာနေ့မှ တနင်္ဂနွေနေ့အထိ ကျင်းပနေသော အာဆီယံ-ဩစတြေးလျ အထူး ညီလာခံကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လျက်ရှိသည်။

ဦးဝင်းထိန်မှာလည်း ဩစတြေးလျရှိ ၎င်းမိသားစုဝင်များနှင့် အတူရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်၏ ထိုခရီးစဉ်အတွင်း ဦးဝင်းထိန်နှင့် သီးသန့် တွေ့ဆုံဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မုံရွာအောင်ရှင်က ငြင်းဆန်ထားသည်။

“သီးသန့်တော့ တွေ့မှာမဟုတ်ဘူး။ ဖြစ်နိုင်တာတော့ ဒေါ်စုခရီးစဉ်မှာ ဩစီရောက်မြန်မာတွေနဲ့တွေ့ဖို့ရှိတယ်။ အဲ့မှာပဲ တွေ့နိုင်တယ်။ သီးသန့်တော့ မဖြစ်နိုင်ဘူး”ဟု ၎င်းကဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရပြီးနောက် အစိုးရထိပ်ပိုင်းတာဝန်များကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် စတင် ထမ်းဆောင်သည့်အချိန်မှစ၍ ဦးဝင်းထိန်သည် ပါတီဗဟို အတွင်းရေးမှူးအဖွဲ့ဝင် အနေနှင့် ပါတီထိပ်ပိုင်း တာဝန်များကို ဆောင်ရွက်နေပြီး နိုင်ငံရေးအသိုင်းဝိုင်းမှ ဝေဖန်မှုများ ကြုံတွေ့ခဲ့ရသော ၎င်း၏သားဖြစ်သူ မင်္ဂလာဆောင်အပြီး ဇန်နဝါရီလ ၁၄ ရက်က ဩစတြေးလျနိုင်ငံကို ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့မထွက်ခွာမီ ဦးဝင်းထိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ပြီး ထိုသို့ ထွက်ခွာပြီးနောက်ပိုင်း၌ ပါတီတာဝန်များမှ ဦးဝင်းထိန် အနားယူသွားပြီဟူသော ကောလဟလသတင်းများ ထွက်ပေါ်ခဲ့သောကြောင့် ပါတီမှ ပြန်လည် ငြင်းဆိုခဲ့သေးသည်။

ဝေလင်း