News

POST TYPE

NEWS

ပထမဆုံး အမိုးဖွင့်အပန်းဖြေယာဉ် ရန်ကုန်တွင် ပြေးဆွဲမည်
18-Mar-2018 tagged as မြန်မာ


ရန်ကုန်၊ မတ် ၁၈

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ရှေးဟောင်းအလှအပနှင့် မြို့ပြသဘာဝရူခင်းများကို လိုက်လံကြည့်ရှုရန် မင်္ဂလာဘတ်စ် အမိုးဖွင့် အပန်းဖြေယာဉ်ကို အောက်တိုဘာလတွင် ပြေးဆွဲမည်ဖြစ်ကြောင်း Mingalarbus ကုမ္ပဏီထံမှသိရသည်။

မတ်လ ၁၈ရက်က Melia ဟိုတယ်တွင် ပထမဆုံး အမိုးဖွင့် အပန်းဖြေ ဘတ်စ်ကားခရီးစဉ်နှင့်ပတ်သက်၍ မင်္ဂလာဘတ်စ် ယာဉ်လိုင်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

မင်္ဂလာဘတ်စ်ကား ပြေးဆွဲခြင်းအနေနှင့် ရန်ကုန်မြို့တွင် စတင်ပြေးဆွဲမည်ဖြစ်ပြီး ပုဂံ၊ မန္တလေး၊ ပြင်ဦးလွင်တို့တွင် တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း Mingalarbus ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်သူသွင်က ပြောကြားသည်။

“လက်မှတ်က Flymya Page  ကနေတစ်ဆင့် အွန်လိုင်းကဝယ်ယူရမှာ ဖြစ်တယ်။ ယာဉ်ပေါ်ကနေ လေ့လာလို့ရသလို နေရာပေါ်မူတည်ပြီး ယာဉ်ပေါ်ကဆင်းပြီး ဓာတ်ပုံရိုက်လို့ရမှာပါ”ဟု ၎င်းက ဆိုသည်။

မင်္ဂလာဘတ်စ်ကားယာဉ် အမျိုးအစားမှာ ခရီးသည် ၂၅ဦးဆံ့ တရုတ်နိုင်ငံထုတ် Zxongtong ယာဉ်အမျိုးအစားဖြစ်ပြီး ကနဦးယာဉ် ငါးစီးဖြင့် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ပြေးဆွဲခြင်းလုပ်ငန်းအနေနှင့် ရန်ကုန်မြို့တွင် စတင်မည်ဖြစ်ကာ တစ်ရက်လျှင် နှစ်ကြိမ် နံနက် ၇ နာရီနှင့် ညနေ ၅ နာရီတို့တွင် ယာဉ်ထွက်ရှိမည်ဖြစ်ပြီး ခရီးစဉ်တစ်ကြောင်းကို လည်ပတ်ချိန် သုံးနာရီ သတ်မှတ်ထားကြောင်း အဆိုပါကုမ္ပဏီမှ ဒါရိုက်တာ ဦးဇော်မြင့်ထူးက ပြောကြားသည်။

ခရီးစဉ်လမ်းကြောင်းမှာ နံနက်ပိုင်းတွင် မြို့တော်ခန်းမရှေ့မှ စတင် ထွက်ခွာပြီး ကမ်းနားလမ်းတစ်လျှောက် မောင်းနှင်ကာ ကြည့်မြင်တိုင်၊ စမ်းချောင်းနှင့် ဟံသာဝတီ စစ်သင်္ချိုင်းသို့ ပို့ဆောင်ကာ မြို့ထဲသို့ ပြန်လာမည်ဖြစ်သည်။

ညနေပိုင်းခရီးစဉ်အနေနှင့် မြို့တော် ခန်းမရှေ့မှထွက်ခွာပြီး ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံဘုရားကို ပို့ဆောင်ကာ ကန်တော်ကြီး၊ ကမ်းနားလမ်းညဈေးတန်းကို ပို့ဆောင်မည်ဖြစ်သည်။

ယာဉ်စီးခအနေနှင့် လူကြီးကျပ် တစ်သောင်း၊ ကလေး ကျပ်ရှစ်ထောင်၊ နိုင်ငံခြားသားဧည့်သည်မှာ လူကြီး အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ၊ ကလေး အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာတို့ ဖြစ်သည်။

J-06