News

POST TYPE

NEWS

ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် အရွေးချယ်ခံရသော်လည်း ထပ်မံရွေးချယ်မည်ဆိုသဖြင့် ဆန္ဒပြမည်
18-Mar-2018 tagged as ဘားအံ

ဘားအံ၊ မတ် ၁၈

ကရင်ပြည်နယ် ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ပြီးသည်ကို ကြီးကြပ်ရေးမှူးအချို့က တိုင်ကြားသဖြင့် ထပ်မံရွေးချယ်မည်ဆိုခြင်းကြောင့် လက်မခံနိုင်၍ မတ်လ ၂၁ ရက်နေ့တွင် လူအင်အား ၃၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်ရန် စီစဉ်နေကြောင်း အရွေးချယ်ခံထားရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးသစ် ဦးငြိမ်းချမ်းက ဆိုသည်။

ထုံးအိုင်ရွာတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အုပ်ချုပ်ရေးမှူးရွေးချယ်ခဲ့ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ခဲ့ခြင်းမရှိဘဲ အတည်ပြုပြီးနောက် ၂ ရက်အကြာတွင် ကြီးကြပ်ရေးမှူးအချို့မှာ တိုင်တန်းသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူးရွေးပွဲအသစ် ပြန်လုပ်ရန်အတွက် စာထုတ်လာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်ဝင်ပြိုင်တာ ၃ ကြိမ်ရှိပြီ၊ ပြီးခဲ့တဲ့ ၂ ခေါက်က ဆယ်အိမ်မှူးတွေက အုပ်ချုပ်ရေးမှူးကိုရွေးတာ၊ အဲဒီတုန်းက ၂ ကြိမ် လုံးရှုံးတယ်၊ ရလဒ်ကို ကျွန်တော် လက်ခံခဲ့တယ်၊ ခုတစ်ခေါက် တစ်အိမ်တစ်ယောက် မဲထည့်တော့ ၃၁ မဲအသာနဲ့နိုင်တယ်၊ အဲဒါကို အသိအမှတ်လည်း ပြုပြီးသွားပြီ၊ ခုလို တိုင်တန်းတာရှိလို့ ပြန်ရွေးချယ်မယ်ဆိုတော့ ကျွန်တော်တို့ ဆန္ဒပြသွားမှာ ဖြစ်ပါတယ်”ဟု ဦးငြိမ်းချမ်းက ပြောဆိုသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်ရေးမှူး ၅ ဦးအနက် ၃ ဦးမှာ အင်အားကြီး နိုင်ငံရေးပါတီတစ်ခုမှ ဖြစ်ပြီး ရွေးချယ်ပွဲတွင် ၎င်းတို့အားလုံး သဘောတူ လက်ခံခဲ့သော်လည်း ၂ ရက်အကြာတွင် သက်ဆိုင်ရာများ ခေါ်ယူခြင်းမရှိဘဲ မဲများကို ၎င်းတို့သုံးဦးမှ စစ်ဆေးပြီးနောက် တိုင်ကြားလိုက်ခြင်းကြောင့် ယင်းသို့ အသစ်ပြန်လည်ရွေးချယ်မည့်အပေါ် လက်ခံနိုင်ခြင်းမရှိကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“အဲ့ဒီကိစ္စ မတ်လ ၁၄ ရက်နေ့က ရုံးမှာ ခေါ်စစ်တယ်၊ မဲတွေကိုစစ်တဲ့အခါ အမှားအယွင်း ဖြစ်နေတဲ့ မဲ ၇၀ လောက် တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့က ၅ ဦး ကော်မတီပြန်ဖွဲ့ပြီးတော့ ပြန်ရွေးစေတာမျိုးကို လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ကြဖို့ သူတို့ရွာသားတွေနဲ့ လာတိုင်ကြရှင်းကြတဲ့ လူတွေရှေ့မှာ ပြောပြထားတယ်။ ၅ ဦး ကော်မတီမှာပါတဲ့ ၃ ယောက်က မဲထပ်တာ၊ မှားယွင်းတာ တွေ့ရှိကြောင်း ဝန်ခံတယ်။ နှစ်ယောက်က ပြန်ရွေးဖို့ကိစ္စကိုလက်မခံဘူး၊ မကျေနပ်လို့ ဆန္ဒထုတ်ဖော်မယ်ဆိုလည်း ဒါကသူတို့ အခွင့်အရေးပါပဲ”ဟု ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက ပြောကြားသည်။

ထုံးအိုင်ကျေးရွာသည် ရပ်ကွက် ၉ ရပ်ကွက်ရှိပြီး၊ အုပ်ချုပ်ရေးမှူးအဖြစ် ၂ ဦး ဝင်ရောက် အရွေးချယ်ခံခဲ့ပြီး ထိုရွေးချယ်ပွဲတွင် လူဦးရေ ၁၁၀၀ ဦးကျော် လာရောက် မဲပေးခဲ့ရာတွင် ဦးငြိမ်းချမ်းက ၅၄၆ မဲ ရရှိခဲ့ပြီး ပြိုင်ဘက် ကိုယ်စားလှယ်လောင်းမှ ၅၁၅ မဲ ရရှိခဲ့ကာ ၃၁ မဲအသာဖြင့် ဦးငြိမ်းချမ်းက အနိုင်ရရှိခဲ့သည်။

R-17