News

POST TYPE

NEWS

မူးယစ်ဆေးဝါးရောင်းချသည့် အဖွဲ့နှစ်ဖွဲ့ကို ဓား၊ လှံလက်နက်များနှင့်အတူ ဖမ်းမိ
18-Mar-2018

ရန်ကုန်၊ မတ် ၁၈

လှိုင်သာယာမြို့နယ်၊ အမှတ်(၁၆) ရပ်ကွက်တွင် မတ်လ ၁၆ ရက်နေ့က မူးယစ်ဆေးဝါး ရောင်းချသည့်အဖွဲ့နှစ်ဖွဲ့ကို ဝင်ရောက်ဖမ်းဆီးရာ ဓား၊ လှံ၊ လက်နက်များနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

မူးယစ်ဆေးဝါးများရောင်းချနေကြောင်း သတင်းအရ အမှတ် (၁၆) ရပ်ကွက်၊ ရွှေညောင်လမ်းရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေဖမ်းဆီးရာ WY စာတန်းပါ မူးယစ်ဆေးပြားများ၊ သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် မူးယစ်ဆေးဝါး ရောင်းချရာတွင် ရရှိသည့်ငွေကြေးများ ဖမ်းဆီးရမိခဲ့သည်။

ယင်းအပြင် အရိုးအသွား ငါးပေကျော်ရှိ လှံရှည်တစ်ချောင်း၊ အရိုး အသွား ၃၀ လက်မခန့်ရှိ ဓားရှည်တစ်ချောင်း၊ အရိုးအသွား ၃၄ လက်မခန့်ရှိ ဓားဦးချွန် ဓားရှည်တစ်ချောင်း၊ အရိုးအသွား ၂၉ လက်မခန့်ရှိ ဓားရှည်တစ်ချောင်း၊ အရိုးအသွား ၂၀ လက်မခန့်ရှိ သံဓားအိမ်ပါ ဓားရှည်တစ်ချောင်း၊ အရိုးအသွား ၁၈ လက်မခန့်ရှိ ဓားမောက်တစ်ချောင်း၊ အရိုးအသွား ၁၃ လက်မခန့်ရှိ သံဓားအိမ်ပါ ဓားဦးချွန်တစ်ချောင်းနှင့်အတူ အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြားရှိ အမျိုးသားလေးဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“မူးယစ်ဆေးဝါး ရောင်းချတယ် သတင်းရလို့ မနက် လေးနာရီခွဲလောက် ဝင်ဖမ်းတာ။ နေအိမ်ရှေ့ခန်းမှာ အခုဖမ်းမိတဲ့လေးဦးတွေ့တယ်။ သူတို့အလယ်ကနေ မူးယစ်ဆေးဝါးတွေ၊ မူးယစ်ဆေး အသုံးပြုတဲ့ပစ္စည်းတွေ တွေ့တယ်။ အဲဒါနဲ့ နေအိမ်ထဲကို ဆက်ရှာဖွေတော့ နံရံမှာ ထောင်ထားတဲ့ လှံနဲ့ ဓားရှည်တွေပါ သိမ်းဆည်းနိုင်ခဲ့တာ။ မူးစိတ် ပုဒ်မ ၁၉(က)/  ၂၀(က)/ ၂၁/ ၂၂(ခ)နဲ့ အမှုဖွင့်ထားပါတယ်”ဟု အမှုဖွင့် တိုင်တန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။

အလားတူ မတ်လ ၁၆ ရက် နံနက် ၅ နာရီခန့်၌ ယင်းမြို့နယ်၊ အမှတ်(၁၆) ရပ်ကွက်၊ ရွှေညောင်လမ်းရှိ နေအိမ်တစ်လုံးတွင် ထပ်မံ ရှာဖွေဖမ်းဆီးရာ အသက် ၃၀ နှစ်နှင့် ၁၇ နှစ်အရွယ် အမျိုးသားနှစ်ဦးနှင့်အတူ WY စာတန်းပါ မူးယစ်ဆေးဝါးများ၊ သုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ၊ အရိုးအသွားလက်မ ၃၀ ခန့်ရှိ ကနုတ်များပါ ဓားဦးချွန်တစ်ချောင်း၊ အရိုးအသွား ၄၅ လက်မခန့်ရှိ သံရိုးတပ်လှံစွပ် တစ်ချောင်းတို့ကို တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းလက်နက်များနှင့်အတူ ဖမ်းမိသည့် အမျိုးသားနှစ်ဦးကို လှိုင်သာယာမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/ ၂၁/ ၂၂(ခ) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

J-16