News

POST TYPE

NEWS

တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကြီးထွားလာခြင်းကြောင့် အရှေ့တောင်အာရှ နိုင်ငံများအကြား စိုးရိမ်တကြီးတုံ့ပြန်မှုများ ဖြစ်ပေါ်


ဘေဂျင်း၊ မတ် ၁၇

ဒေသတွင်း၌ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုနှင့် အကျိုးစီးပွား ကြီးထွားလာမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာဟန်ချက် ပြောင်းလဲကာ အရှေ့တောင်အာရှ နိုင်ငံများအကြား စိုးရိမ်တကြီးတုံ့ပြန်မှုများ ဖြစ်ပေါ်လာစေသည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

သောကြာနေ့က ဆစ်ဒနီတွင် ကျင်းပသော တတိယအကြိမ်မြောက် စင်ကာပူ ဩစတြေးလျ ထိပ်သီးညီလာခံနှင့် အာဆီယံ ဩစတြေးလျ အထူးထိပ်သီး ညီလာခံတွင် လီရှန်လွန်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆီယံသည် ကမ္ဘာကြီးကို အဖြူအမည်းမခွဲဘဲ ကမ္ဘာ့အင်အားကြီးနိုင်ငံ အားလုံးနှင့် စီးပွားရေးလုပ်ကိုင်သွားမည်ဟု ၎င်းက ဆိုသည်။

အာဆီယံကို တရုတ်က သွေးခွဲနေပါသလားဟု ဩစတြေးလျမီဒီယာက မေးမြန်းသောအခါ လီရှန်လွန်းက “ခင်ဗျားက တရုတ်နယ်စပ်မှာရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံဖြစ်နေရင်တော့ ကမ္ဘာကြီးကို တစ်မျိုးဖြစ်နေမှာပေါ့။ ဒါပေမဲ့ အာဆီယံနိုင်ငံတွေရဲ့အမြင်က အမျိုးမျိုးကွဲပြားနေတာဟာ ဒီအကြောင်းတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါက ကမ္ဘာကြီးရဲ့ တကယ့်အဖြစ်မှန်ဆိုတာကို ကျွန်တော်တို့ မျှော်လင့်ထားရမယ်”ဟု လီရှန်လွန်းက ပြောကြားသည်။

အာဆီယံကိုင်တွယ်ရမည့် ကိစ္စများစွာရှိနေပြီး ဖိအားများ၊ တင်းမာမှုများကို အကောင်းဆုံးဖြေရှင်းသွားမည်ဟု ၎င်းက ဆိုသည်။

ဩစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်တန်းဘူးလ်ကလည်း စင်ကာပူနှင့် ဩစတြေးလျတို့၏ ဆက်ဆံရေးသည် အကောင်းဆုံးအနေအထားတွင် ရှိနေကြောင်း၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့တွင် နှစ်နိုင်ငံစလုံးသည် တူညီသောတန်ဖိုးများနှင့် အကျိုးတူ စီးပွားများရှိနေကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ကွင်းစ်လန်းမြောက်ပိုင်းတွင် စစ်အခြေစိုက်စခန်းတစ်ခု ပူးတွဲ အကောင်အထည်ဖော်ရေးအတွက် မြေနေရာရရှိရေး လုပ်ငန်းစဉ်မှာလည်း လုပ်ဆောင်နေဆဲဖြစ်သည်ဟု မယ်လ်ကွန်တန်းဘူးလ်က ပြောကြားသည်။

၂၀၀၉ ခုနှစ်ကစတင်ခဲ့သော အခွန်နှစ်ထပ်ချမှတ်မှု ရှောင်ရှားရေးသဘောတူညီချက် ခေတ်မီပြင်ဆင်ရေး လုပ်ငန်းစဉ်ကိုလည်း ဆက်လက်လုပ်ဆောင်နေပြီး ဆွေးနွေးစရာများရှိနေသည်ဟု တန်းဘူးလ်က ပြောကြားသည်။

အာဆီယံနိုင်ငံများတွင် စမတ်မြို့တော်များ အကောင်အထည်ဖော်ရေးတွင်လည်း ဩစတြေးလျက စင်ကာပူနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု တန်းဘူးလ်က ပြောကြားသည်။

လီရှန်လွန်းကလည်း ဩစတြေးလျမြို့ကြီးများသည် စမတ်မြို့တော်ကဏ္ဍတွင် များစွာတိုးတက်နေသောကြောင့် အရှေ့တောင်အာရှတွင် ဩစတြေးလျ ပါဝင်လုပ်ဆောင်နိုင်သည့် ကဏ္ဍတစ်ခုဖြစ်သည်ဟု မှတ်ချက်ပေးသည်။

အာဆီယံတွင် ဩစတြေးလျပါဝင် ပေါင်းစည်းသင့်သလားဟု အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက မေးမြန်းသောအခါ ဩစတြေးလျဝန်ကြီးချုပ်က “အာဆီယံရဲ့ ကိစ္စတွေဟာ အာဆီယံနဲ့ဆိုင်တဲ့ ကိစ္စတွေ သာဖြစ်ပါတယ်။ ကျွန်တော်တို့က အာဆီယံကို လေးစားမှုရှိပါတယ်။ ဩစတြေးလျနဲ့ အာဆီယံဟာ ဆွေးနွေးဖက်တွေဖြစ်ကြပြီး နီးနီးစပ်စပ် အတူတကွ လုပ်ဆောင်နေကြပါတယ်။ ဒေသတွင်းမှာအာဆီယံရဲ့ အရေးပါမှု၊ အဓိကကျမှုကို ကျွန်တော်တို့ လေးစားမှုထားရှိပါတယ်”ဟု ပြောကြားခဲ့သည်။ 

F-04