News

POST TYPE

NEWS

အမေရိကန်၏ ရာဇသံအတိုင်း လိုက်နာပြီး အီရန်အပေါ် ပိတ်ဆို့မှုသစ်ချမှတ်ရန် ဥရောပပါဝါများ လုပ်ဆောင်


ပဲရစ်၊ မတ် ၁၇

အီရန် နျူကလီးယားသဘောတူညီချက်ကို ပြန်လည်ပြင်ဆင် သို့မဟုတ် အမေရိကန်တစ်နိုင်ငံတည်း အရေးယူမှု ပြန်လည်ချမှတ်မည်ဟု သမ္မတဒေါ်နယ်ထရမ့်က ဥရောပပါဝါများကို ရာဇသံပေးလိုက်ပြီးနောက်တွင် ပိတ်ဆို့မှုသစ်များချမှတ်ရေး အဆိုပြုချက်ကို ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့ ထုတ်ပြန်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အီရန်အပေါ် အရေးယူမှုသစ်များ ချမှတ်နိုင်ရေးတွင် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံလုံး၏ သဘောတူညီချက် ရရှိရန်လိုအပ်ကြောင်းကိုလည်း ဘရက်ဆဲမြို့တော်သို့ ပေးပို့ထားသည့် အဆိုပြုချက်တွင် ဖော်ပြထားကြောင်း အဆိုပါအရေးနှင့် နီးစပ်သူနှစ်ဦးက ပြောကြားသွားသည်။

ယင်းအဆိုပြုချက်သည် အီရန်နျူကလီးယားအစီအစဉ် ကန့်သတ်ရေး သဘောတူညီချက် အသက်ဆက်နိုင်ရေး ဥရောပနိုင်ငံများ၏ ကြိုးပမ်းမှုတစ်စိတ်တစ်ဒေသလည်းဖြစ်သည်။

အဆိုပါသဘောတူညီချက်သည် အဆိုးရွားဆုံးသော သဘောတူညီချက်များတွင် တစ်ခုအပါအဝင်ဖြစ်သည်ဟု အမေရိကန်သမ္မတထရမ့်က ဝေဖန်ထားပြီး ယင်းသဘောတူညီချက်ရှိ လိုအပ်ချက်များကို ဥရောပနိုင်ငံများ ပြန်လည်ပြင်ဆင် သို့မဟုတ် အမေရိကန်တစ်နိုင်ငံ အရေးယူပိတ်ဆို့မည်ဟု ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရာဇသံပေးခဲ့ခြင်းဖြစ်သည်။

ဥရောပပါဝါများ၏ အဆိုပြုချက်သစ်အရ အီရန်ဒုံးပျံစမ်းသပ်မှုနှင့် ဆီးရီးယား ပြည်တွင်းစစ်တွင်ပါဝင်သည့် အီရန်နိုင်ငံသားများ၊ အဖွဲ့အစည်းများကို ပစ်မှတ်ထား အရေးယူမှုဖြစ်ကာ ယခင်အဆိုပြုထားသည့် အချက်များထက် ပိုမိုတင်းကျပ်လာခြင်းဖြစ်သည်။

ယင်းအဆိုပြုချက်သစ်ကိုလာမည့် တနင်္လာနေ့တွင် ဘရက်ဆဲမြို့၌ ကျင်းပမည့် တံခါးပိတ်အစည်းအဝေးတွင် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးကြမည်ဖြစ်သည်။

အီရန် နျူကလီးယားသဘောတူညီချက်ကြောင့် အရှေ့အလယ်ပိုင်းဒေသတွင်း ကျယ်ပြန့်သည့် စစ်ပွဲပေါ်ပေါက်နိုင်ခြေကို ရှောင်လွှဲနိုင်ခဲ့သည်ဟု ယင်းစာချုပ်ချုပ်ဆိုစဉ်ကာလက ချီးကျူးခဲ့ကြသော်လည်း ယင်းသဘောတူညီချက်မှ ဝါရှင်တန်နုတ်ထွက်သွားပါက စာချုပ်ပြိုလဲသွားနိုင်ကြောင်း လေ့လာသုံးသပ်သူများက မှတ်ချက်ပြုထားသည်။

F-05