News

POST TYPE

NEWS

အမေရိကန်ကျောင်းသားများ စာသင်ခန်းတွင်းမှ ၁၇ မိနစ်ကြာထွက်ခွာပြီး လက်နက်ထိန်းချုပ်ရေး တောင်းဆို ဆန္ဒပြ
18-Mar-2018



ဝါရှင်တန်၊ မတ် ၁၇

အမေရိကန်နိုင်ငံတစ်ဝန်းမှ ထောင်သောင်းချီသော ကျောင်းသားကျောင်းသူများသည် ဆုတောင်းပွဲတစ်ပိုင်း၊ ဆန္ဒပြမှုတစ်ပိုင်းအဖြစ် စာသင်ခန်းများအတွင်းမှ ၁၇ မိနစ်ကြာထွက်ခွာပြီး ပိုမိုတင်းကျပ်သော လက်နက်ထိန်းချုပ်ရေးဥပဒေများ ပြဋ္ဌာန်းပေးရန် မတ်လ ၁၄ ရက်နေ့က တောင်းဆိုခဲ့ကြကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

မိန်းပြည်နယ်မှ ကာလီဖိုးနီးယားပြည်နယ်အထိ နိုင်ငံအဝန်းတွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး လွန်ခဲ့သောတစ်လခန့်က ဖလော်ရီဒါပြည်နယ် မဂျော်ရတီစတုန်းမင်း ဒေါက်ဂလက်စ်အထက်တန်းကျောင်းမှ ပစ်ခတ်သတ်ဖြတ်ခံရသူ ၁၇ ဦးကိုရည်စူးပြီး တစ်ဦးလျှင် တစ်မိနစ်နှုန်းဖြင့် ၁၇ မိနစ်ကြာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံတွင်းရှိ စံတော်ချိန်များအလိုက် နံနက် ၁၀ နာရီဝန်းကျင်တွင် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ အချို့ကျောင်းများတွင် သေဆုံးသူများ၏အမည်ကို ဖတ်ကြားခဲ့ကြသလို အချို့ကျောင်းများတွင် ထိုင်ခုံလွတ် ၁၇ လုံးကို ဝန်းရံပြီး တိတ်ဆိတ်ငြိမ်သက်ခဲ့ကြသည်။ လော့စ်အင်ဂျလိစ်ရှိ ဂရန်နာဒါဟီးလ်စ်ချာတာ အထက်တန်းကျောင်းတွင် ကျောင်းသားများက အမေရိကန်ဘောလုံးကွင်းအတွင်း “Enough”ဆိုသောစကားလုံးကို သရုပ်ဖော်ကာ လက်နက်များ စည်းမရှိ၊ ကမ်းမရှိ ကိုင်ဆောင်ခွင့်ပေးထားခြင်းကို တော်သင့်ပြီဟု တောင်းဆိုခဲ့ကြသည်။

စာသင်ကျောင်းများတွင် သေနတ်ကိုင်ပစ်ခတ်မှုများကြောင့် သေဆုံးမှုများကို ရပ်တန့်နိုင်ရန် လွှတ်တော်အမတ်များက ဥပဒေပြဋ္ဌာန်းခြင်းကဲ့သို့ တစ်ခုခုလုပ်ပေးရန် ကျောင်းသားများက တောင်းဆိုခဲ့ကြသည်။

“အခုက လက်ဝဲနဲ့လက်ယာဆိုတဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။ ဒါက အများပြည်သူ ဘေးကင်းရေးနဲ့ဆိုင်သွားပါပြီ”ဟု နယူးယောက်ရှိ လာဂါးဒီးယားအထက်တန်းကျောင်းမှ ကျောင်းသားကိတ်ဝှစ်တ်မန်းက ပြောကြားသွားသည်။

F-03