News

POST TYPE

NEWS

ခြောက်ဦးသေဆုံးသော မီယာမီတံတားပြိုကျမှုအပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်
18-Mar-2018



မီယာမီ၊ မတ် ၁၇

သောကြာနေ့က မီယာမီတွင် ခြောက်ဦးသေဆုံးသွားသော အသစ်စက်စက် လူကူးတံတားတစ်စင်း ပြိုကျမှုဖြစ်ပွားပြီးနောက် အာဏာပိုင်များက အသေးစိတ် စုံစမ်းစစ်ဆေးနေသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

တံတား၏ အခြားတစ်ဖက်စွန်းရှိ တိုင်များပါပြိုကျမည်ကို အင်ဂျင်နီယာများက စိုးရိမ်နေကြခြင်းကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်နေရာမှ တံတားပြန်လည် ထူမတ်ရေးကို ပြောင်းလဲလုပ်ဆောင်နေရသည်ဟု ရဲဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

တံတားပြိုကျမှု ဖြစ်ပွားရာသို့ အစိုးရစုံစမ်းရေးအဖွဲ့ လာရောက်စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသော်လည်း ရာဇဝတ်မှုဖြင့် တရားစွဲမလားဆိုသည်ကို ပြောရန်စောသေးသည်ဟု မီယာမီရဲဌာနမှ ဂျူယန်းပီရက်ဇ်က ပြောကြားသည်။

“လူသေမှုနဲ့ လာရောက်စစ်ဆေးနေတာပါ။ ရာဇဝတ်မှုလို့ ဆိုလိုတာမဟုတ် သေးဘူးနော်။ ဒီကိစ္စကအရေးကြီးပါတယ်”ဟု ၎င်းက ပြောကြားသည်။

အပျက်အစီးများအောက်တွင် ပိနေသော မော်တော်ယာဉ်ထဲမှ ပိတ်မိနေသူများကို ဆွဲထုတ်ကာ စိစစ်နေသောကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာဖွယ်ရှိသည်ဟု ဆိုသည်။

ဖလော်ရီဒါတက္ကသိုလ်နှင့် ကျောင်းသားများ အဆောင်ရှိရာသို့ ဆက်သွယ်ပေးသော လျှောက်လမ်းတံတားသည် ပြီးခဲ့သောအပတ်က ပြီးစီးသွားခဲ့ပြီး ကူးသန်းသွားလာခွင့် မပေးရသေးပေ။

ကွန်ကရစ်တံတားသည် လမ်းပေါ်သို့ ပြိုကျနေသည်ကို ဗီဒီယိုပုံရိပ်များတွင် တွေ့မြင်ရသည်။ လူဆယ်ဦးကိုဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

တန်ချိန် ၉၅၀ လေးသော တံတား ရုတ်တရက်ပြိုကျခဲ့ခြင်းကြောင့် အနည်းဆုံး ကားရှစ်စင်း ပိတ်မိနေသည်။ တံတားပြိုကျသည့် အသံသည် ဗုံးပေါက်ကွဲသံကဲ့သို့ ကျယ်လောင်သည်ဟု ရဲအရာရှိ ဂျူအန်းကာလို့စ်လယ်ရာက ပြောကြားသည်။

မီယာမီမီးသတ်ဌာနမှူး ဒေ့ဗ်ဒေါင်နီက အသက်ရှင်ကျန်သူ ရှာတွေ့ရန် မျှော်လင့်ချက်မရှိဟု မှတ်ချက်ပေးသည်။ “မနေ့ညက တစ်ညလုံး ကျွန်တော်တို့ ရှာဖွေခဲ့ကြပါတယ်။ အချိန်ကြာမယ့် ကယ်ဆယ်ရေးလုပ်ငန်းပါပဲ”ဟု ၎င်းက ဆိုသည်။

တံတားဆိုင်းကြိုးများ လျော့လာသောကြောင့် တင်းလိုက်သည့်အချိန်တွင် ပြိုကျခဲ့ခြင်းဖြစ်သည်ဟု ဖလော်ရီဒါ ဆီနိတ် တာမာကိုရူဘီယိုက ပြောကြားသည်။

တံတားတစ်ခုလုံး ပြိုမကျမီ ကားကို အချိန်မီကွေ့ကာ သီသီလေးလွတ်မြောက်လာသော လင်နယ်လ်ကောလင်းက“ကျွန်တော်တို့ ကားထဲကနေထွက်ပြီး တစ်ဝက်တစ်ပျက် ကြေမွသွားတဲ့ ကားတွေထဲကလူတွေကို သွားရောက်အကူအညီပေးခဲ့ပါတယ်။ ထရပ်ကားနှစ်စီးကတော့ လုံးဝကြေမွသွားပါတယ်”ဟု ပြောကြားသည်။

အသွားအလာ ရှုပ်သောအဝေးပြေးလမ်းကြောင့် မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်ဟု ကျောင်းသားများက ထောက်ပြနေသောနေရာတွင် လူကူးတံတား တည်ဆောက်ပေးခြင်းကို တက္ကသိုလ်က မကြာသေးမီကပင် ချီးကျူးဂုဏ်ပြုခဲ့သည်ဟု သိရှိရသည်။

တံတားကို အစိတ်အပိုင်းလိုက် ကြိုတင်ပြုလုပ် တပ်ဆင်သည့်နည်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တံတားတည်ဆောက်မှု စီမံကိန်းတွင်ပါဝင်သော FIGG အင်ဂျင်နီယာအုပ်စုက အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ပြန်ခဲ့သည်။

တည်ဆောက်မှုတွင် အလားတူပါဝင်သည့် Munilla ဆောက်လုပ်ရေးလုပ်ငန်းကလည်း သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် သက်တမ်းကြာလာသောတံတားများ ပြိုကျမည့်အန္တရာယ်ကို စိုးရိမ်မှုများရှိနေသော်လည်း တံတားပြိုကျမှုများ မကြာခဏ ဖြစ်ပွားလေ့မရှိပေ။ 

F-04


  • VIA