News

POST TYPE

NEWS

ရေကြည်နှင့် ငါးသိုင်းချောင်းမြို့ ဝင်ကြေးကောက်ခံမှု ၆ လ ရပ်ဆိုင်းမည်
ပုသိမ်၊ မတ် ၁၇

ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရေကြည်နှင့် ငါးသိုင်းချောင်း မြို့ဝင်ကြေးကောက်ခံမှုကို မတ်လအကုန်မှစတင်၍ ၆ လကြာ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ 

မတ်လ ၁၅ ရက်က ကျင်းပသည့် ဧရာဝတီတိုင်း အစိုးရအဖွဲ့အစည်းအဝေးတွင် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေကြည်မြို့နယ်တွင် ရေကြည်၊ ငါးသိုင်း ချောင်း၊ အသုတ်စသည့် မြို့သုံးမြို့အနက် အသုတ်မြို့ဝင်ကြေးသာ ပေးဆောင်ရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးဦးကျော်မြင့်က ပြောသည်။

ရေကြည်နှင့် ငါးသိုင်းချောင်း မြို့ဝင်ကြေးဖြင့် ရေကြည်မြို့နယ် စည်ပင်ဝန်ထမ်းများ၏ လစာနှင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ပေးနိုင်ကြောင်း၊ ရပ်ဆိုင်းလိုက်သည့်အတွက် ဝင်ငွေရရှိရန် အခက်အခဲဖြစ်နေသဖြင့် ပြည်ထောင်စု အစိုးရထံ တင်ပြထားကြောင်း ၎င်းက ရှင်းပြသည်။

“ဧပြီလကစပြီး ပထမ ၆ လ ကောက်ခံတာ ရပ်ဆိုင်းပြီး ပြည်ထောင်စုအစိုးရက ဆက်ကောက်လို့ရတယ်ဆိုရင်တော့ ဒုတိယ ၆ လပတ်မှာ ဆက်ကောက်မှာပါ။ ကောက်လို့မရဘူးဆိုရင်တော့ မကောက်ပါဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

အခြားမြို့နယ်များမှာ သက်ဆိုင်ရာမြို့အတွင်း ဝင်မှသာ မြို့ဝင်ကြေးပေးရသော်လည်း ရေကြည်၊ အသုတ်၊ ငါးသိုင်း ချောင်းမြို့များမှာ ပုသိမ်-မုံရွာကားလမ်းဘေးရှိနေသဖြင့် မြို့ဝင်ကြေးမဟုတ်ဘဲ မြို့ဖြတ်ကြေး ပေးနေရသကဲ့သို့ ဖြစ်နေကြောင်း ပုသိမ်-ငါးသိုင်းချောင်း ခရီးသည်တင် ယာဉ်မောင်းအချို့က ပြောသည်။ 

ငါးသိုင်းချောင်းမြို့အဝင် ဘီးခွန်ဂိတ်မှ တစ်နှစ်လျှင် ကျပ်သိန်း ၃၀၀ ကျော်ရရှိပြီး ရေကြည်မြို့ဝင်ကြေးဂိတ်မှ တစ်နှစ်လျှင် ကျပ်သိန်း ၄၀၀ ကျော် ကောက်ခံရကြောင်း၊ ယင်းဂိတ် ၂ ဂိတ်ပေါင်း ရရှိငွေဖြင့် ရေကြည်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ကောက်ခံရှိသည့် အခွန်ငွေများ၏ ၃၀ ရာခိုင်နှုန်းကျော်ရှိကြောင်း စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ 

R-12