News

POST TYPE

NEWS

နွေစပါးသစ်ပေါ်
ရန်ကုန်၊ မတ် ၁၇

ဈေးဆက်တိုက်မြင့်တက်နေသော ဆန်ဈေးကွက်အတွင်း နွေစပါးသစ်များ စတင်ထွက်ရှိလာသည့်အတွက် ဆန်ဈေးနှုန်းများ စတင်ကျဆင်းကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။

ဆန်ဈေးသည် ပြီးခဲ့သည့်အပတ်ကထက် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၃၀၀ မှ ၅၀၀ အထိနှင့် ဆန်ချောတစ်အိတ်လျှင် ကျပ် ၅၀၀ မှ ၁၀၀၀ အထိကျဆင်းပြီး ဆက်လက်ကျဆင်းနိုင်ကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။

နွေစပါးသစ်များကို ဧရာဝတီနှင့် ပဲခူးတိုင်းတို့တွင် အစိုက်များပြီး ကျန်တိုင်းအချို့တွင် စိုက်ပျိုးကြောင်း၊ ယခုအခါ ဧရာဝတီတိုင်းဘက်မှ စတင်ထွက်ရှိလာပြီး ကျန်တိုင်းများမှ ယခုလအတွင်း ဆက်လက်ထွက်ရှိလာမည်ဖြစ်ကြောင်း လယ်သမားများထံမှ သိရသည်။

“ဒီနှစ်စပါးက တချို့ ပဲမစိုက်ဘဲ စပါးစိုက်တဲ့ ဒေသတွေလည်း ရှိနေတယ်။ နောက်ပြီး ရာသီဥတုလည်းကောင်းခဲ့တော့ ခါတိုင်းနှစ်ထက် ပိုထွက်နိုင်တယ်။ အခုဆန်ဈေးတွေက ပြည်ပရော ပြည်တွင်းရော မြင့်နေလို့ အိတ်စ်ပို့သမားတွေ သိပ်မကိုက်ဘူး။ ပြည်တွင်းဆန်နဲ့ စပါးဈေးကျပေးမှ အလုပ်လုပ်လို့ရမယ်”ဟု ဆန်ကုန်သည် ဦးအောင်မြင့်က ပြောဆိုသည်။

ဆန်ဈေးသည် ပြီးခဲ့သည့်နှစ်ပတ်အတွင်းက ဆန်ချောတစ်အိတ်လျှင် ကျပ် ၃၀၀၀ မှ ၅၀၀၀ အထိနှင့် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၁၀၀၀ မှ ၃၀၀၀ အထိ မြင့်တက်ခဲ့သည်။

လက်ရှိနယ်ဒေသများမှ ရန်ကုန်ဆန်ဈေးကွက်အတွင်းသို့ ဆန်အဝင်ပုံမှန် ဝင်ရောက်လျက်ရှိပြီး တစ်ရက်လျှင် အိတ်ရေ ရှစ်သောင်းကျော် ဝင်ရောက်ကြောင်း ဘုရင့်နောင်နှင့် ဝါးတန်းဆန် ကုန်စည်ဒိုင်များထံမှ သိရသည်။

လက်ရှိဆန်ဈေးကွက်အတွင်း ပေါ်စုံနယ်စုံ တစ်အိတ်လျှင် ကျပ် ၃၄၀၀၀ မှ ၄၀၀၀၀ ကျော်အထိ၊ ဧည့်မထ ၂၅ မှတ် တစ်အိတ်လျှင် ကျပ် ၂၀၅၀၀ ကျော်၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၃၀၀၀ မှ ၅၅၀၀၀ အထိဈေးရှိကြောင်း အဆိုပါဆန်ဈေးကွက်အတွင်းမှ သိရသည်။

S-04