News

POST TYPE

NEWS

လားရှိုးတွင် ဓားကိုင်ဆောင်သူများကို ဖမ်းဆီး
18-Mar-2018

လားရှိုး၊ မတ် ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဓားခုတ်မှုများ မကြာခဏဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတင်းကျပ်လျက်ရှိပြီး ဓားကိုင်ဆောင်သူများကို ဖမ်းဆီးအရေးယူလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

မတ်လ ၁၅ ရက်နေ့က လားရှိုးမြို့ပေါ်၊ ကန်လမ်းတွင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရာတွင် မော်တော်ယာဉ်တစ်စီးပေါ်မှ အရိုးအသွားနှစ်ပေ၊ သုံးလက်မရှိသည့် ဓားတစ်ချောင်းကို ရှာဖွေတွေ့ရှိရကြောင်း၊ အလားတူ မတ်လ ၁၆ ရက်နေ့ ညပိုင်းက လားရှိုး-သိန်းနီလမ်း၊ အေတီတံတားအနီးတွင် မော်တော်ယာဉ်တစ်စီးပေါ်မှ အရှည်နှစ်ပေ၊ သုံးလက်မရှိသည့် ဓားသုံးလက်ကိုတွေ့ရှိရသဖြင့် ယာဉ်မောင်းကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း လားရှိုးခရိုင်၊ ရဲတပ်ဖွဲ့မှ ဒုရဲမှူးစန်းယုက ပြောကြားသည်။ 

ယင်းသို့ဖမ်းဆီးရမိထားသူများကို သက်ဆိုင်ရာ ပုဒ်မအသီးသီးဖြင့် လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း အဆိုပါစခန်းထံမှ သိရသည်။ 

ထို့ပြင် လမ်းဆုံလမ်းခွ၊ လူစည်ကားရာနေရာများနှင့် ပန်းခြံများတွင် တုတ်၊ ဓားနှင့် လူသေစေနိုင်သည့်ပစ္စည်းများ ကိုင်ဆောင်သွားလာခြင်းရှိ၊ မရှိကို ဆိုင်ကယ်များ၊ မော်တော်ယာဉ်များအား ညစဉ်ရပ်တန့် စစ်ဆေးရှာဖွေလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ဓားခုတ်မှုများ ပိုမိုဖြစ်ပွားလာသည့်အတွက် စစ်ဆေးမှုကို တင်းကျပ်စွာလုပ်ဆောင်နေကြောင်း ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့်မတ်လ ၁၄ ရက်နေ့က လားရှိုးမြို့၊ ပြည်ထောင်စုလမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေသူနှစ်ဦးကို မော်တော်ယာဉ်တစ်စီးပေါ်မှ အမျိုးသားလေးဦးက ဓားဖြင့်ခုတ်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းကိုသာ ဖမ်းဆီးရမိထားပြီး ကျန်သူများကို ဖမ်းဆီးရမိရန် ဆောင်ရွက်လျက်ရှိကြောင်း လားရှိုးမြို့မရဲစခန်းထံမှ သိရသည်။ 

R-07

 

  • VIA