News

POST TYPE

NEWS

မိုးကုတ်နှစ်ရှစ်ရာပြည့်ပွဲတော် နိုင်ငံခြားသားခရီးသွားများကို သုံးရက်ကြာနေထိုင်ခွင့်ပြု
18-Mar-2018
မန္တလေး၊ မတ် ၁၇

မိုးကုတ်မြို့၌ ယခုလကုန်ပိုင်းတွင် ကျင်းပရန်ရှိနေသည့် နှစ်ရှစ်ရာပြည့်ပွဲတော်သို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားခရီးသွားများကို သုံးရက်နေထိုင်ခွင့်ပေးထားကြောင်း ပွဲတော်ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခင်အုန်းမြင့်က ပြောကြားသည်။

“ဟိုတယ်ခရီးက ခွင့်ပြုတယ်ဆိုပေမယ့်လည်း ခွင့်ပြုချက်တော့တင်ရမှာပါ။ နေပြည်တော် (ရုံးချုပ်) မှာ လျှောက်ရမှာဆိုတော့ အကောင်းဆုံးကတော့ မန္တလေးနဲ့ရန်ကုန်က Travel & Tour တွေနဲ့ ချိတ်ပြီး လျှောက်တာက ပိုအဆင်ပြေမယ်”ဟု ၎င်းက ပြောဆိုသည်။

မိုးကုတ်မြို့သည် ကန့်သတ်ဧရိယာ ဖြစ်နေသောကြောင့် လာရောက်လည်ပတ်လိုသော နိုင်ငံခြားသားအနေနှင့် အခြားဒေသများထက် သွားရောက်ရန်ခက်ခဲနေကြောင်း၊ ပွဲတော်ကာလတွင်မူ နိုင်ငံခြားသားများကို လာရောက် လည်ပတ်ခွင့်ပြုပေးထားပြီးဖြစ်ရာ နိုင်ငံခြားသား ခရီးသွားအေဂျင်စီများအနေနှင့် ဝန်ဆောင်မှုများ ပြုလုပ်ပေးနိုင်မည်ဆိုပါက မိုးကုတ်မြို့အတွက်သာမက နိုင်ငံတော်အစိုးရအတွက်လည်း ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးလှိုင်က ပြောကြားသည်။ 

နိုင်ငံခြားသားများလာရောက် လည်ပတ်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်သည်ဟု ဒေသခံများက မျှော်လင့်ထားသောကြောင့် ပွဲတော်ကျင်းပရေးကော်မတီက အစိုးရထံခွင့်ပြုပေးရန် တောင်းဆိုခဲ့ရာတွင် ကန့်သတ်ချက်ဖြင့် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း၊ ယင်းပွဲတော်ကို မတ်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်၍ နိုင်ငံခြားသားခရီးသွားများအနေနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်တွင်း ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနထံမှ ခွင့်ပြုချက်ရယူကာ လည်ပတ်နိုင်မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။ 

M-04


  • VIA