News

POST TYPE

NEWS

KTV ဆိုင်သို့ သီချင်းလာဆိုသူနှစ်ဦးထံမှ တစ်သောင်းတန်ငွေစက္ကူအတုများ ဖမ်းမိ
18-Mar-2018
ရန်ကုန်၊ မတ် ၇

လှိုင်သာယာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်ရှိ KTV ဆိုင်တစ်ဆိုင်တွင် မတ်လ ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က သီချင်းလာဆိုသည့် အမျိုးသားနှစ်ဦးထံမှ တစ်သောင်းတန်ငွေစက္ကူအတုများ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာတွင် နေထိုင်သူ အသက် ၃၁ နှစ်အရွယ် ကိုဇော်ဇော်မြင့်နှင့် အသက် ၃၆ နှစ်အရွယ် ကိုဝင်းဘို (ခ) ဘိုကြီးတို့သည် ယင်းနေ့က တစ်သောင်းတန်ငွေစက္ကူများဖြင့် လာရောက်သီချင်းဆိုစဉ် မသင်္ကာဖွယ်ရာတွေ့ရှိသဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြာရာမှ ဝင်ရောက်စစ်ဆေးရှာဖွေခံရပြီး ငွေစက္ကူအတုဟု ယူဆရသော တစ်သောင်းတန်ငွေစက္ကူ ၁၂ ရွက်နှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“ဆိုင်ကနေ ဖုန်းလှမ်းဆက် အကြောင်းကြားတာပါ။ အခုဖမ်းဆီးခံရသူတွေက လျော်ကြေးငွေအဖြစ်ရရှိတဲ့ ၇၅ သိန်းကို ဘဏ်ကနေထုတ်လာတာလို့ ကနဦးစစ်ဆေးချက်အရ သိရတယ်။ အဲဒီထဲကနေ အတုလို့ယူဆရတဲ့ ၁၂ ရွက်တွေ့ခဲ့တာ။ ဘယ်ကနေ ဘယ်လိုပါလာတာလဲတော့ မသိဘူး။ အသေးစိတ်သိရဖို့ CID နဲ့ ပေါင်းစစ်ဆေးနေတယ်။ အခုအဖမ်းခံရသူတွေကတော့ လက်ဝယ်တွေ့ရှိတဲ့အတွက် အမှုဖွင့်အရေးယူထားတာပါ”ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

တစ်သောင်းတန်ငွေစက္ကူအတု ၁၂ ရွက်နှင့်အတူ ဖမ်းမိသည့် အမျိုးသားနှစ်ဦးကို ဥပဒေအရ အရေးယူပေးပါရန် လှိုင်သာယာမြို့မရဲစခန်းမှ ဒုရဲအုပ်ရန်နိုင်လင်းက တရားလိုပြုလုပ်၍ အမှုဖွင့်တိုင်ကြားသဖြင့် ယင်းမြို့မရဲစခန်းက (ပ) ၁၀၂၇/၁၈၊ ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။ 

J-16


  • VIA