News

POST TYPE

NEWS

ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ် ၉၅ ခုကို တည်ဆောက်ခွင့်ပြုမည်
17-Mar-2018


ရန်ကုန်၊ မတ် ၁၇

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ပြည်လမ်းအပါအဝင် အခြားလမ်းမကြီးများတွင် ဖျော်ဖြေရေးမဏ္ဍပ် ၃၅ ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၆၀ခု စုစုပေါင်းမဏ္ဍပ် ၉၅ခုကို ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ယင်းအတွက်ကြောင့် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် လျှောက်လွှာများကို မတ်လ ၁၉ ရက်မှ စတင် လျှောက်ထားနိုင်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

ယခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် တိုင်းဒေသကြီးအစိုးရက ပြည်လမ်း အပါအဝင် အခြားလမ်းမကြီးများတွင် စုစုပေါင်း မဏ္ဍပ် ၉၅ ခုကို ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း (ကမ္ဘာအေးဘုရားလမ်းနှင့် အင်းလျားလမ်းကြား) တို့တွင် ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်မပြုသည့် လမ်းများအဖြစ် သတ်မှတ်ထာကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။

“ဒီနှစ်က ပြည်လမ်းမှာ မဏ္ဍပ်တွေ ခွင့်ပြုပေမယ့် ခြံငှားရမ်းခတွေက တစ်ထောင်လောက်ဖြစ်နေတော့ အရှုံးခံနိုင်တဲ့ လုပ်ငန်းရှင်တွေပဲ လုပ်ကြတာများတယ်။ အစ်ကိုကတော့ ကိုယ့်ခြံရှေ့မှာပဲ ကိုယ်ထိုးဖြစ်တယ်။ အခု မတ်လ ၁၉ ရက်နေ့ (တနင်္လာနေ့) မှ မဏ္ဍပ် ဆောက်လုပ်ခွင့် စတင်လျှောက်ထားခွင့်ရမယ်လို့ သိရတယ်”ဟု နှစ်စဉ်ရေကစားမဏ္ဍပ် ဆောက်လုပ်နေသူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အဆိုပါ သင်္ကြန်ရေကစားမဏ္ဍပ်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေးအတွက် မဏ္ဍပ်လျှောက်လွှာပုံစံများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)တွင် အခမဲ့ရယူနိုင်ကြောင်းနှင့် မတ်လ ၂၅ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“မဏ္ဍပ်နေရာချထားရေး ကော်မတီရဲ့ စိစစ်ချက်နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အတည်ပြုချက် ရရှိမှသာ စတင် ဆောက်လုပ်ခွင့်ရပါမယ်။ သတ်မှတ်နေ့ထက် နောက်ကျ လျှောက်ထားတဲ့ လျှောက်လွှာတွေကို လက်ခံစဉ်းစားပေးမှာမဟုတ်ပါဘူး”ဟု ၎င်းကဆိုသည်။

ရေကစားမဏ္ဍပ် ခွင့်ပြုမည့်နေရာများမှာ ဝေဇယန္တာလမ်းတစ်လျှောက်တွင် ဖျော်ဖြေရေးမဏ္ဍပ် ၅ ခုအပြင် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၁၆ ခု၊ ပါရမီလမ်းတစ်လျှောက်တွင် ဖျော်ဖြေရေးမဏ္ဍပ်နှစ်ခုအပြင် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၄ ခု၊ မင်းဓမ္မလမ်း (ပါရမီလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းကြား)တွင် ဖျော်ဖြေရေးမဏ္ဍပ် ၂ ခု၊ ကျိုက်ဝိုင်းဘုရားလမ်းတွင် ဖျော်ဖြေရေးမဏ္ဍပ် ၄ ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၆ ခု၊ ပြည်လမ်း (ကျိုက်ဝိုင်းဘုရားလမ်းမှ ဗိုလ်ချုပ်လမ်းကြား) တွင် ဖျော်ဖြေရေးမဏ္ဍပ် ၆ ခုအပြင် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၁၀ ခု၊ တက္ကသိုလ်ရိပ်သာလမ်း (ပြည်လမ်းမှ အင်းလျားလမ်းကြား၊ ကမ္ဘာအေးဘုရားလမ်းမှ ဆရာစံလမ်းကြား) တို့တွင် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၄ ခု၊ စက်မှု ၁ လမ်း (ကမ္ဘာအေးဘုရားလမ်းမှ ဆရာစံလမ်းကြား) တွင် ဖျော်ဖြေရေးနှင့် ရေကစား မဏ္ဍပ်နှစ်ခုနှင့် ဗိုလ်ချုပ်လမ်း (ပြည်လမ်းမှ ဗိုလ်တထောင် ဘုရားလမ်းကြား)တွင် ဖျော်ဖြေရေးမဏ္ဍပ် နှစ်ခုအပြင် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် နှစ်ခုတို့ကို ခွင့်ပြုပေးသွားမည်ဖြစ်သည်။

ထို့အပြင် အနော်ရထာလမ်း (ဗိုလ်တထောင် ဘုရားလမ်းမှ ဘုန်းကြီးလမ်းကြား) တွင် ဖျော်ဖြေရေးမဏ္ဍပ် ၂ ခုအပြင် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၄ ခု၊ မဟာဗန္ဓုလလမ်း(ဘုန်းကြီးလမ်းမှ ဗိုလ်တထောင်ဘုရားလမ်းကြား)တွင် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၄ခု၊ ကုန်သည်လမ်း (ဗိုလ်တထောင်ဘုရားလမ်းမှ ဆူးလေဘုရားလမ်းကြား)တွင် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၃ ခု၊ ပုဇွန်တောင်လမ်းမကြီး အထက်/အောက် (ဗန္ဓုလတံတားမှ ကြက်ဘဲဈေးကြား)တွင် ဖျော်ဖြေရေးမဏ္ဍပ်နှစ်ခုအပြင် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၄ ခု၊ သံသုမာလမ်း (ကြက်ဘဲဈေးမှ ဝေဇယန္တာလမ်းကြား) တွင် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၁ ခု၊ ကြည့်မြင်တိုင်ကမ်းနားလမ်း(ပြည်လမ်းမှ ကမ်းနားလမ်းကြား)တွင် ဖျော်ဖြေရေးမဏ္ဍပ် ၁၀ ခု စုစုပေါင်း ဖျော်ဖြေရေးမဏ္ဍပ် ၃၅ ခုနှင့် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၆၀ တို့ကို ခွင့်ပြုသွားမည်ဖြစ်သည်။

သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်ရရှိသူများအနေနှင့် မဏ္ဍပ်အကြီး ဆောက်လုပ်ပါက အလျားပေ ၁၂၀ မှ ပေ ၁၅၀၊ အကျယ် ပေ ၄၀ နှင့် အမြင့်ပေ ၂၀ ဆောက်လုပ်ရမည်ဖြစ်ကာ အာမခံစပေါ် ငွေကျပ်သိန်း ၂၀၀ တင်ရမည်ဖြစ်ကြောင်းနှင့် မဏ္ဍပ်အလတ် ဆောက်လုပ်ပါက အလျားပေ ၅၀ မှ ပေ ၁၁၀၊ အကျယ်ပေ ၃၀ နှင့် အမြင့် ၁၈ ပေအထိ ဆောက်လုပ်ခွင့်ရှိကာ အာမခံစပေါ်ငွေ ကျပ်သိန်း ၁၀၀ တင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရေကစားမဏ္ဍပ် အမျိုးအစားအလိုက် ခွဲခြား၍ သတ်မှတ်လျှောက်လွှာပုံစံများဖြင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့၏ စိစစ်ထောက်ခံချက်များနှင့်အတူ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)တွင် လျှောက်ထားရမည်ဖြစ်သည်။

J-10