News

POST TYPE

NEWS

နိုင်ငံခြားဖြစ်အရက်မျိုးစုံ အတုပြုလုပ်သူများကို ဖမ်းမိ
17-Mar-2018 tagged as


ရန်ကုန်၊ မတ် ၁၇

နိုင်ငံခြားဖြစ် အရက်မျိုးစုံအတုပြုလုပ်သူများကို လှိုင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရတနာပုံ(၃)လမ်းတွင် ယနေ့(မတ်လ ၁၇ ရက်) ညနေပိုင်းက ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

လှိုင်မြို့နယ် အမှတ်(၄) ရပ်ကွက်၊ ရတနာမွန် (၂)လမ်းတွင် နိုင်ငံခြားဖြစ် အရက်မျိုးစုံ ရောစပ် အတုပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် ပိတောက်ချောင်းနယ်မြေ
ရဲစခန်းမှူးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက သွားရောက်ခဲ့ရာ အမှတ်(၅)ရပ်ကွက်၊ ရတနာမွန် (၃) လမ်းထိပ်အရောက် ထိန်လင်း (၃၆ နှစ်) မောင်းနှင်လာသော ယာဉ်အမှတ်- FF/-----Fielder အနက်ရောင်ယာဉ်ကို စစ်ဆေးရာ နိုင်ငံခြားဖြစ် အရက်မျိုးစုံ အတုပြုလုပ်ရာတွင် အသုံးပြုသည့် ဘောစိများ၊ ဝါရှာပြားများ၊Red Label နှင့် Black တံဆိပ်ပါ စက္ကူဖာနှင့် Chivas Regal တံဆိပ်ပါ စက္ကူဖာများ၊ Red Label တံဆိပ်ပါ ပုလင်းအဖုံးခွံများ၊ အရက်ရောစပ်တွင် အသုံးပြုသည့် အရောင်တင်ဆီ ပုလင်းတစ်လုံးတို့ကို ရှာဖွေတွေ့ရှိ၍ စစ်ဆေးရာ အမှတ်(၅)ရပ်ကွက်၊ ရတနာပုံ (၃) လမ်း၊ ခြံအမှတ်(၅၀)နေဦးတင်ထွန်း (၅၂ နှစ်)ဆိုသူမှစေခိုင်း၍ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ဦးတင်ထွန်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နိုင်ငံခြားဖြစ် အရက်မျိုးစုံ အဖုံးတစ်အိတ်၊ ပုလင်းတံဆိပ်ကပ်ရာတွင် အသုံးပြုသည့် Gun (၃)ခု၊ ကော်ချောင်း(၁)ထုတ်တို့အား တွေ့ရှိသိမ်းဆည်းရမိပြီး ဦးတင်ထွန်းကို ဆက်လက်စစ်ဆေးရာ အမှတ်(၄)ရပ်ကွက်၊ ရတနာမွန်(၂)လမ်း၊ ခြံအမှတ်(၁၃)တွင် နိုင်ငံခြားဖြစ် အရက်ပုလင်းခွံမျိုးစုံအတွင်း ပြည်တွင်းဖြစ် အရက်များနှင့် ရောစပ်ကာ ပုလင်းသွတ်သွင်း ပါကင်ထုတ်ပိုး သိုလှောင်ထားကြောင်း သိရှိရသဖြင့် ဝင်ရောက်ရှာဖွေရာ Glan Master တံဆိပ် (၄၀) ဖာ၊ Kingdon တံဆိပ် (၄၅) ဖာ၊ Dunfife တံဆိပ် (၂၂) ဖာ၊ High Commissioner တံဆိပ်(၃၂)ဖာ၊ Columbus တံဆိပ် (၈) ဖာနှင့် နိုင်ငံခြားဖြစ် အရက်ပုလင်းအခွံမျိုးစုံ (၂၅)ဖာတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

နိုင်ငံခြားဖြစ် အရက်မျိုးစုံအတုပြုလုပ်သူ ဦးတင်ထွန်းနှင့် ယာဉ်ဖြင့်သယ်ဆောင်သူ ထိန်လင်းတို့ကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

  • TAGS