News

POST TYPE

NEWS

အကယ်ဒမီရွှေကြယ် အောင်သမာဓိရွှေဆိုင် လုပ်ကိုင်ခွင့်ရ
17-Mar-2018 tagged as ရန်ကုန်


မန္တလေး၊ မတ် ၁၇

ရန်ကုန်မြို့တော်၌ မတ်လ ၂၃ ရက်နေ့တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီရုပ်တု၏ရွှေကြယ်များကို အောင်သမာဓိစိန်၊ ရွှေ ရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းက လုပ်ခွင့်ရရှိထားကြောင်း ယင်းလုပ်ငန်း၏ ဈေးကွက်ရှာဖွေရေး မန်နေဂျာ ဒေါ်သက်သက်ဇင်က ပြောကြားသည်။

အလေးချိန် ငါးကျပ်သားစီရှိမည့် ရွှေကြယ်တစ်ခုလျှင် ကျပ် ၄၅ သိန်းနှုန်းဖြင့် ၁၃ ခုပြုလုပ်ပေးရမည်ဖြစ်၍ ကျပ်သိန်း ၆၀၀ နီးပါး ကုန်ကျမည်ဖြစ်ကြောင်း၊ ကုန်ကျစရိတ်ကို Forever Group Co.,Ltd. အတူ အချိုးကျ ကျခံရမည်ဟု ၎င်းက ပြောဆိုသည်။ 

“ဒီနှစ်မှာ မင်းသား၊ မင်းသမီးတွေကို လက်ဝတ်ရတနာ မဆင်ပေးဖြစ်ဘူး။ ရွှေကြယ်ပဲပေးလိုက်တာ”ဟု ဒေါ်သက်သက်ဇင်က ရှင်းပြသည်။

အကယ်ဒမီရွှေကြယ်အတွက် ၁၅ ပဲရည်ရွှေကို အသုံးပြုကာ စက်ဖြတ်ဒီဇိုင်း ပြုလုပ်ထားကြောင်း၊ ယခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အစည်းအရုံးက ပေးထားသော ရွှေကြယ်ဒီဇိုင်းသည် ၂၀၁၅ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် အောင်သမာဓိ ရွှေသန့်စင်လုပ်ငန်းက ပြုလုပ်ပေးသည့် ဒီဇိုင်းပင်ဖြစ်ကြောင်း ယင်းလုပ်ငန်းထံမှသိရသည်။

M-07