News

POST TYPE

NEWS

အာဆီယံအစည်းအဝေး တက်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်ကို ဆစ်ဒနီရှိ ဘင်္ဂါလီအရေး လှုပ်ရှားသူများ ဆန္ဒပြ
ဆစ်ဒနီ၊ မတ် ၁၇

ဩစတြေးလျနိုင်ငံတွင် ကျင်းပ မည့် အာဆီယံအထူးအစည်းအဝေးပွဲသို့ မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့်အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်သူများက မြို့တော်ဆစ်ဒနီတွင် ကန့်ကွက်ဆန္ဒပြမှုပြုလုပ်ခဲ့ကြောင်း Press TV သတင်းဌာနက ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးများ ဖိနှိပ်ခံရမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ မကျေနပ်သူ ၁၀၀ ကျော်ခန့်က ဆစ်ဒနီမြို့၊ ဟိုက်ဒီပါ့ခ်တွင် စနေနေ့က ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ၎င်းတို့က အာဆီယံအထူး အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့်ကိစ္စကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ဩစတြေးလျဝန်ကြီးချုပ် မယ်ကွမ်တန်းဘူးလ်က ဩစတြေးလျသို့ ဒေါ်အောင်ဆန်းစုကြည် သုံးရက်တာမျှ လာရောက်မည့် အဆိုပါခရီးစဉ်တွင် ဘင်္ဂါလီအရေးကိစ္စကို ထုတ်ဖော်ဆွေးနွေးမည်ဖြစ်သည်ဟု သောကြောနေ့က ပြောကြားသည်။

စနေနေ့ ဆန္ဒပြပွဲတွင် ဩစတြေးလျ အခြေစိုက် ဘင်္ဂါလီ အသိုင်းအဝိုင်း၏ ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံ၊ ဘင်္ဂါလီပြဿနာအတွက် ခိုင်မာပြီး လူသားဆန်သည့် ဖြေရှင်းချက်တစ်ခု ရှာဖွေရာတွင် အကူအညီပေးရန် အာဆီယံခေါင်းဆောင်များကို တိုက်တွန်းကြောင်း ပြောကြားသည်။

“ဩစတြေးလျအစိုးရ အပါအဝင် အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ လူ့အခွင့်အရေး ကာကွယ်ပေးရေးအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ ထို့အတူ ခိုင်မာပြီး လူသားဆန်တဲ့ ဖြေရှင်းချက်တစ်ရပ် ထွက်ပေါ်ရေးအတွက် မြန်မာခေါင်းဆောင်တွေ၊ ဘင်္ဂါလီခေါင်းဆောင်တွေနဲ့အတူ အဆက်မပြတ် ဆွေးနွေးသွားနိုင်အောင် ဆက်လက် လုပ်ဆောင်ပေးနိုင်မယ်လို့လည်း မျှော်လင့်တယ်”ဟု ဆူဂျာဒင်ကာရီမူဒင်က ပြောကြားသည်။

အဆိုပါ အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာမည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကိုလည်း ယင်းနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ကန့်ကွက်ဆန္ဒပြမှုများရှိခဲ့သည်။ ဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံတွင်း ချီတက်ဆန္ဒပြမှုများကို အင်အားသုံး ဖြိုခွင်းပစ်မည်ဖြစ်သည်ဟု ဆစ်ဒနီမြို့သို့ မသွားရောက်မီ ခြိမ်းခြောက်ပြောဆိုခဲ့သည်။

F-01