News

POST TYPE

NEWS

ဒုက္ခသည်များ ပြန်လက်ခံရေး ကုလပါဝင်ခွင့်ရရှိရန် မြန်မာအစိုးရနှင့် ညှိနှိုင်း
ရန်ကုန်၊ မတ် ၁၇ 

ရခိုင်ပြည်နယ် ပဋိပက္ခအရေးကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသွားသည့် ဒုက္ခသည်များ ပြန်လည်လက်ခံရေးတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) တို့မှ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

“ဆွေးနွေးနေတယ်။ အချောသတ်ကတော့ မထွက်သေးဘူး။ UNDP နဲ့ UNHCR ရယ် အစိုးရအဖွဲ့ နဲ့တွေ့ ပြီး ပူးပေါင်းဖို့ဆွေးနွေးနေတယ်”ဟု ၎င်းက ပြောကြားသည်။

ဆွေးနွေးပွဲကို နေပြည်တော် နိုင်ငံတော်အတိုင်းပင်ခံရုံးတွင် အစိုးရအဖွဲ့ဝင်များ အပါအဝင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဒုက္ခသည်များပြန်လည် လက်ခံရေးတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ တာဝန်ရှိသူများနှင့် မတ်လ ၁၄ ရက်က ဆွေးနွေးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူး ဦးစီးဌာနမှ ညွှန့်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောကြားသည်။ 

“အဲဒါတွေကို ဆွေးနွေးနေတုန်းပါ။ အဲဒါတွေပြီးမှာ လဝက နဲ့ MoU ထိုးမယ်။ အခုက နှစ်နိုင်ငံ သဘောတူညီမှုတွေ ယူနေတယ်”ဟု ၎င်းကပြောကြားသည်။ 

ရခိုင်ပြည်နယ်သို့ ပြန်လာမည့် ဒုက္ခသည်များ လက်ခံရေး လုပ်ငန်းစဉ်များတွင် မည့်သည့်အခန်းကဏ္ဍက ပူးပေါင်းပါဝင်နိုင်မည်ကို အကြမ်းဖျင်းဆွေးနွေးထားသည့်အခြေအနေသာရှိသေးကြောင်း ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်ရသူ စာရင်းကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများက ကျေးရွာများအထိ ကွင်းဆင်းကောက်ယူခဲ့ရာ ငါးသိန်း သုံးသောင်းကျော် ရှိသော်လည်း သို့သော် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ထွက်ပြေးလားသူ ခုနှစ်သိန်းနီးပါးရှိသည်ဟု ထုတ်ပြန်ထားသည်။ 

ဘင်္ဂလားဒေ့ရှ်က ပြန်လာမည့် ဒုက္ခသည်တွေ လက်ခံရေး လုပ်ငန်းစဉ်များကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနှင့် ပူးပေါင်း ပါဝင်တာက အစိုးရအနေနှင့် အကန့်အသတ်တော့ ရှိရမည်ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

“ဟိုကပြန်လာတဲ့သူတွေမှာ အကြမ်းဖက်သူ ပါဝင်တာမပါတာ၊ ဒီဒေသမှာ နေထိုင်ခဲ့ဖူးသလားကို ကျွန်တော်တို့အစိုးရက လုပ်ရမယ့်အလုပ်တွေ နိုင်နိုင်နင်းနင်း လုပ်နိုင်တဲ့ အဲဒီအပိုင်းတွေမှာ ဝင်ပြီးဆရာကြီး လုပ်တာရင်တော့ ပြဿနာရှိတယ်။ အစိုးရ သီးသန့်စစ်ဆေးတဲ့ အခန်းကဏ္ဍကို UN အဖွဲ့အစည်းတွေက အနှောင့်အယှက်ဖြစ်မယ်။ အခြားနေရာတွေမှာ လေ့လာတာ စောင့်ကြည့်တာတို့နေရာမှာ ဝင်ပြီးပူးပေါင်းရင်တော့ အဆင်ပြေတယ်”ဟု ၎င်းက ပြောကြားသည်။

J-18