News

POST TYPE

NEWS

စက်ရုံအား မီးရှို့ဖျက်ဆီးရန် ကြံစည်သည်ဟုဆိုသော ဝန်ထမ်းနှစ်ဦးကိုအမှုဖွင့်
17-Mar-2018

ရန်ကုန်၊ မတ် ၁၇ 

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုံ၊ ဗန်းမော်အတွင်းဝန်လမ်းရှိ အထည်ချုပ်စက်ရုံ တစ်ခုတွင် မတ်လ ၆ ရက် ည ၇ နာရီ ၂၅ မိနစ်ခန့်က မီးလောင်မှုနှင့်ပတ်သက်၍ စက်ရုံဝန်ထမ်း အမျိုးသားနှစ်ဦးကို စက်ရုံအား မီးရှို့ဖျက်ဆီးရန် ကြံစည်မှုဖြင့် မတ်လ ၁၅ ရက် ည ၇ နာရီခွဲခန့်က အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

လှိုင်သာယာမြို့နယ်၊ အမှတ်(၁၈) ရပ်ကွက်တွင်နေထိုင်သူ အသက် ၁၈ နှစ်အရွယ် အောင်မင်းနိုင်နှင့် အမှတ် (၁၉) ရပ်ကွက်တွင်နေထိုင်သူ အသက် ၂၀ အရွယ် ဇင်လင်းထိုက်တို့သည် မတ်လ ၆ ရက် နံနက်ပိုင်းက စက်ရုံ နောက်ကျောထောင့် Water Fan အနီးရှိ အမှိက်အိတ်နှစ်ခုကြားသို့ ဝင်ရောက်သွားပြီး ည ၇ နာရီ ၂၃ မိနစ်ခန့်တွင် ပြန်လည် ထွက်လာပြီးနောက် မီးလောင်မှုဖြစ်ခဲ့ပြီး စက်ရုံရှိ ဝန်ထမ်းများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၅ မိနစ်အကြာ မီးငြှိမ်းသွားကြောင်း အမှုဖွင့် တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“စဖြစ်တုန်းကတော့ ရိုးရိုးသာမန်ဖြစ်တယ်ထင်ပြီး ဘာမှမလုပ်ဘဲ နေခဲ့တာ။ ဌာနဆိုင်ရာတွေလဲ မသိလိုက်ဘူး၊ မီးလောင်တဲ့နေရာအနီးမှာ ရှိတဲ့ CCTV မှတ်တမ်းကို မတ်လ ၁၄ ရက်နေ့က ပြန်လည်စစ်ဆေးကြည့်ခဲ့တယ်။ အခုအမှုဖွင့်ခံရတဲ့သူ နှစ်ယောက်က မီးလောင်တဲ့နေရာနားကနေ ပြန်ထွက်လာပြီး မကြာခင် မီးလောင်တဲ့ အ တွက် စက်ရုံကို မီးရှို့ဖျက်ဆီးရန် ကြံစည်တယ်ဆိုပြီး အမှုဖွင့်ခဲ့တာ။ အခုအမှုဖွင့်ခံရတဲ့ နှစ်ယောက်က ကတ္တားဖြတ် တာဝန်ယူထားသူနဲ့ ပိတ်ခင်း တာဝန်ယူထားသူ နှစ်ဦးပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

စက်ရုံအား မီးရှို့ဖျက်ဆီးရန် ကြံစည်သည်ဟုဆိုသော အမျိုးသားနှစ်ဦးကို ဥပဒေအရ အရေးယူပေးပါရန် စက်ရုံတာဝန်ခံဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဦးခင်ဇော်က အမှုဖွင့် တိုင်ကြားသဖြင့် လှိုင်သာယာမြို့မရဲစခန်းက (ပ) ၁၀၀၅/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆/ ၁၁၄ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း၊ ယင်းဥပဒေပုဒ်များအရ ထောင်ဒဏ်ချမှတ်ခံရပါက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် တစ်သက်တစ်ကျွန်း၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးအပြင် ငွေဒဏ်လဲချမှတ်နိုင်ကြောင်း သိရသည်။

J-16