News

POST TYPE

NEWS

ကျန်းမာရေးအာမခံ အမျိုးအစားသစ်နှုန်းထား ယခုလကုန်ကြေညာမည်
ရန်ကုန်၊ မတ် ၁၅

အခြေခံလူတန်းစား၊ လူလတ်တန်းစား၊ ဝင်ငွေမြင့်လူတန်းစားနှင့် သက်ကြီးရွယ်အိုများဟူ၍ လေးမျိုးခွဲခြားထားသည့် ကျန်းမာရေးအာမခံ အမျိုးအစားအသစ်၏ ပရီမီယံကြေးများကို ယခုလကုန်တွင် ကြေညာမည်ဖြစ်ကြောင်း ပုဂ္ဂလိကအာမခံ ကုမ္ပဏီများထံမှ သိရသည်။

ကျန်းမာရေးအာမခံကို ၂၀၁၅ ခုနှစ်က စတင်ရောင်းချခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပရီမီယံကြေးလျှော့ချခဲ့ကာ ခံစားခွင့်များသည့် အာမခံစနစ်တစ်ခုကို မိတ်ဆက်ခဲ့သော်လည်း ဝယ်ယူသူများ စိတ်ဝင်စားမှုနည်းပါးသောကြောင့် လက်ရှိတွင် ပရီမီယံကြေးအနိမ့်ဆုံး သတ်မှတ်ရောင်းချမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။

“ကျန်းမာရေးအာမခံ စရောင်းတုန်းက တစ်နှစ်စာအတွက် တစ်ယူနစ်ကို ကျပ်ငါးသောင်း၊ နောက်တော့ ကျပ်လေးသောင်းလေးထောင် လျှော့လိုက်တယ်။ အခုတော့ ကျပ်ငါးထောင်ဖြစ်မယ်လို့ ကြားတယ်။ ဒါက အတည်တော့ မဖြစ်သေးဘူး”ဟု ဂလိုဘယ်ဝေါလ် အာမခံကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးစိုးဝင်းသန့်က ပြောကြားသည်။

လက်ရှိအသစ်ပြင်ဆင်နေသည့် အခြေခံလူတန်းစားများအတွက် ကျန်းမာရေးအာမခံတွင် ဆေးရုံတက်မှ လျော်ကြေးရမည်မဟုတ်ဘဲ ပုဂ္ဂလိကဆေးရုံတွင်ဖြစ်စေ၊ အစိုးရဆေးရုံတွင်ဖြစ်စေ သာမန်ဖျားနာမှုကို ပြင်ပလူနာဌာနတွင် ကုသလျှင်လည်း ဆေးကုသစရိတ်ကို လျော်ကြေးအဖြစ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဝင်ငွေမြင့်လူတန်းစားများအတွက်မူ ပရီမီယံကြေးမှာလည်း မြင့်မားသည့်အတွက် ရောဂါလိုအပ်ချက်အရ နိုင်ငံခြားတွင် ဆေးသွားရောက်ကုသလိုခြင်း၊ ဆေးစစ်မှုခံယူခြင်းများလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းထံမှ သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ကျန်းမာရေးအာမခံအသစ်ကို လာမည့်ဘဏ္ဍာနှစ်အစတွင် ရောင်းချမည်ဖြစ်သောကြောင့် ဧပြီလတွင် စတင်ရောင်းချနိုင်ကြောင်း၊ လတ်တလောတွင် ကျန်းမာရေးအာမခံကို ကျပ် ၄၄၀၀၀ နှင့် ရောင်းချနေပြီး ဆေးရုံတက်စရိတ်အနေနှင့် တစ်ရက်ကို ကျပ်နှစ်သောင်းပေးမည်ဖြစ်ကာ လူသေဆုံးမှုဖြစ်ပါက ကျပ်သိန်းနှစ်ဆယ် လျော်ကြေးပေးလျက်ရှိကြောင်း ပုဂ္ဂလိက အာမခံကုမ္ပဏီများထံမှ သိရသည်။

J-13