News

POST TYPE

NEWS

တရားသူကြီး၏တာဝန်ဝတ္တရားကို နှောင့်ယှက်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦး ထောင်လေးလချမှတ်ခံရ
16-Mar-2018

မန္တလေး၊ မတ် ၁၅

ပြည်ကြီးတံခွန်မြို့နယ်တရားရုံး၌ တရားစွဲဆိုခံထားရသည့် အမျိုးသမီးတစ်ဦးသည် တရားသူကြီး၏ တာဝန်ဝတ္တရားကို နှောင့်ယှက်မှုဖြင့် မတ်လ ၁၅ ရက်နေ့က ထောင်ဒဏ်လေးလ ချမှတ်ခံရသည်။

မိသားစုပြဿနာဖြင့် အမှုရင်ဆိုင်နေရသည့် ဒေါ်ဇာဇာထွန်းသည် မတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ် တွဲဖက်တရားသူကြီး ဒေါ်စုသက်ငုံနှင့် စကားပြောဆိုခဲ့ရာမှ တရားသူကြီး၏ တာဝန်ဝတ္တရားကို နှောင့်ယှက်သည်ဟုဆိုကာ ပုဒ်မ ၂၂၈ ဖြင့် ယင်းနေ့မှာပင် ဖမ်းဆီးခံရပြီးနောက် မတ်လ ၁၅ ရက်နေ့တွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေါ်ဇာဇာထွန်း၏ညီမ ဒေါ်အိက ပြောကြားသည်။

“သူ (ဒေါ်ဇာဇာထွန်း) က တွဲဖက် တရားသူကြီးကိုသွားတွေ့ပြီးတော့ ၂၀၁၅ ခုနှစ်ကတည်းကဖြစ်နေတဲ့ မိသားစုပြဿနာ၊ တရားလိုကလည်း အမှုပိတ်သိမ်းပေးဖို့ပြောပြီးသွားပြီ၊ ရဲကအလုပ်မလုပ်လို့ အခုလိုဖြစ်တာပါလို့ပြောတယ်။ ပြီးတော့ အလုပ်မလုပ်တဲ့ ရဲတွေကိုတိုင်မယ်၊ တရားသူကြီးက မတရားလုပ်ရင်လည်း ဆန္ဒပြမယ်လို့ပြောခဲ့တယ်။ အဲဒီလို ပြောတဲ့အချိန်က တရားသူကြီးက အမှု စစ်ဆေးနေတာမဟုတ်ဘူး။ အခြား အလုပ်လုပ်နေတဲ့အချိန်။ အဲ့ဒါကို ချက်ချင်းပဲ ရဲခေါ်ပြီး လက်ထိတ်ခတ်ဖမ်း အချုပ်ထဲထည့်တယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့လက်ထိတ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် အခြားတွဲဖက်မြို့နယ်တရားသူကြီး၏ တရားခွင်၌ အမှုကို ချက်ချင်းစစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ စစ်ဆေးရာတွင်လည်း တရားစွဲဆိုခံရသူ ဒေါ်ဇာဇာထွန်းက ရှေ့နေဖြင့်ချေပခွင့်နှင့် အာမခံလျှောက်ထားခွင့်ပေးရန် တောင်းဆိုခဲ့ရာ တရားရုံးကခွင့်မပြုဘဲ အချုပ်ဖြင့်ထားခဲ့ကြောင်း ဒေါ်အိက ထပ်လောင်းပြောကြားသည်။

ယင်းသို့ချုပ်ထားခဲ့ပြီးနောက် မတ် လ ၁၅ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ အမှုကိုစစ်ဆေးခဲ့ကြောင်း၊ ထိုသို့စစ်ဆေးရာတွင် ရှေ့နေဖြင့်ချေပခွင့်မပေးဘဲ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၃ နာရီခန့်တွင် ထောင်ဒဏ်လေးလကျခံစေရန် အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

တရားသူကြီးကို ဝတ္တရားနှောင့်ယှက်မှုဆိုသည်မှာ တရားရုံးတစ်ခုခု၏ တရားခွင်အတွင်း အမှုစစ်ဆေးရင်ဆိုင်နေချိန်တွင် တစ်စုံတစ်ဦးက အမှုကို အနှောင့်အယှက်ဖြစ်ရန် ပြုမူပြောဆိုသည့်အခါတွင် စွဲဆိုရသည့်အမှုတစ်ခုဖြစ်ကြောင်း၊ ယခုဖြစ်ရပ်သည် တရားသူကြီးက အမှုစစ်နေချိန်မဟုတ်သည့်အတွက် မတရားမှုတစ်ခုသာဖြစ်ကြောင်း မတ္တရာမြို့နယ်တရားသူကြီးကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့သည့် ရှေ့နေဦးဇော်ဝင်း (လိုင်စင်သိမ်းခံထားရ) က ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ တရားရုံးမထေမဲ့မြင်ပြုမှုနဲ့စွဲတာကို မပြောလိုဘူး။ ပြောချင်တာက ဒီအမျိုးသမီးကို တရားစွဲပြီးတာနဲ့ ရဲကလာပြီးလက်ထိတ်ခတ်တယ်။ အချုပ်ထဲထည့်တယ်။ အမျိုးသမီးတစ်ယောက်ကိုဖမ်းတဲ့အချိန်မှာ ထွက်ပြေးခုခံနိုင်လောက်တဲ့ အခြေအနေမဟုတ်ရင် လက်ထိတ် (လုံးဝ) မခတ်ရဘူး။ နောက်တစ်ခုက ဒီအမှုက အာမခံပေးရတဲ့ အမှုဖြစ်တယ်။ ဒါကို အာမခံမပေးဘူး။ ပြီးတော့ ဘယ်အမှုကိုပဲဖြစ်ဖြစ် ထောင်ဒဏ် ၇ ရက်ပဲချမှတ်လို့ရတဲ့ မူးယစ်ရမ်းကားမှုကအစ အမှုအားလုံးမှာ စွပ်စွဲခံရသူတွေက ရှေ့နေငှားခွင့်ရှိရမယ်။ ချေပခွင့်ရှိရမယ်။ ဒါကို ရှေ့နေနဲ့ ချေပခွင့်မပြုတာက ဘာသဘောလဲ”ဟု ၎င်းက ဆိုသည်။

ယင်းအမှုနှင့်ပတ်သက်၍ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှ တရားသူကြီး ဒေါ်ခင်မေဦးကို တွေ့ဆုံမေးမြန်းခွင့်တောင်းခဲ့သော်လည်း တွေ့ဆုံဖြေကြားခြင်း မရှိခဲ့ပေ။

M-04