News

POST TYPE

NEWS

ရေချိုငါးလုပ်ငန်း ဥပဒေကြမ်းကို တိုင်းလွှတ်တော်တွင် ဆွေးနွေးမည်
16-Mar-2018

ပုသိမ်၊ မတ် ၁၅

ဧရာဝတီတိုင်း ၂၀၁၇ - ခုနှစ်၊ ရေချိုငါးလုပ်ငန်း ဥပဒေကြမ်းနှင့်စပ်လျဉ်းသော လေ့လာစိစစ်တွေ့ရှိချက်ကို ဥပဒေပြုရေးကော်မတီက တိုင်းလွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့ပြီး ယင်းဥပဒေကြမ်းကို မတ်လ ၂၈ ရက်တွင် ကျင်းပသည့် လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ယခုဥပဒေကြမ်းမှာ ၂၀၁၇ခုနှစ်က လွှတ်တော်တွင်တင်သွင်းခဲ့ပြီး လွှတ်တော်က လက်ခံရရှိပြီးနောက် လွှတ်တော်ကော်မတီအပါအဝင် သက်ဆိုင်ရာအဖွဲ့များက ဥပဒေကြမ်းကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ ယခုနှစ် မတ်လ ၁၄ ရက်တွင် လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ဥပဒေအတည်ဖြစ်ရေးကို ကျယ်ပြန့်စွာ ဆွေးနွေးနိုင်ရန် လုပ်ဆောင်ခဲ့ကြောင်း ဥပဒေပြုရေး ကော်မတီဥက္ကဋ္ဌ ဦးခင်ဝင်းက ပြောသည်။ 

၂၀၁၇ ခုနှစ်၊ ရေချိုငါးလုပ်ငန်း ဥပဒေကြမ်းနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးသည် ရေချိုဒေသ၊ ရေငန်ဒေသ၊ ရေချိုရေငန်စပ်ကြားဒေသများရှိသည့်အပြင် မြစ်ချောင်းအင်းအိုင်ပေါများသည့် ဒေသဖြစ်သဖြင့် ဒေသအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးရန်လိုကြောင်း ၎င်းက ဆိုသည်။ 

“ကျွန်မက ဥပဒေကြမ်းကို ဝင်ဆွေးနွေးဖို့ရှိပါတယ်၊ ကျွန်မတို့မြို့နယ်မှာ ရေလုပ်သားတွေပြဿနာ၊ အင်းသားကြီးတွေပြဿနာ၊ ငါးဖမ်းကွက်ပြဿနာ၊ အင်းအိုင်ချောင်းမြောင်းပြဿနာတွေ အများကြီးဖြစ်နေတာလေ၊ ကျွန်မတို့ကိုယ်တိုင်တောင် တရားစွဲခံရသေးတယ်”ဟု ညောင်တုန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောပြသည်။

ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေကို ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့ကြောင်း၊ ယင်းဥပဒေ၏ အားနည်းချက်၊ ချွတ်ယွင်းချက်များကြောင့် အင်းသားကြီးများနှင့် ရေလုပ်သားငယ်များပြဿနာ၊ အင်းသားကြီးများနှင့် လယ်သမားများကြား ပြဿနာများ ဖြစ်ပေါ်ခဲ့ရသည့်အပြင် ရေချိုငါးလုပ်ငန်းနှင့်ပတ်သက်၍ မကြာခဏ ဆန္ဒဖော်ပြမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ယခု အသစ်ပြန်လည်ရေးဆွဲထားသည့် ၂၀၁၇ ခုနှစ်၊ ရေချိုငါးလုပ်ငန်း ဥပဒေတွင် အခန်းပေါင်း ၁၅ ခန်း ပုဒ်မပေါင်း ၉၇ ခု ပါဝင်သည်။

R-11