News

POST TYPE

NEWS

ကျောက်စိမ်းလိုဏ်ဂူ သင်္ကြန်အကြိုနေ့ဖွင့်ရန်စီစဉ်
16-Mar-2018



မန္တလေး၊ မတ် ၁၅

မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်လာပြီး ကျောက်စိမ်းတန်ချိန် ၃၀၀ ခန့်ဖြင့် တည်ဆောက်နေသော ငြိမ်းချမ်းသာယာ ကျောက်စိမ်းလိုဏ်ဂူကို ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) တွင် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေသည်ဟု ကျောက်စိမ်းလိုဏ်ဂူတည်ဆောက်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါကျောက်စိမ်းလိုဏ်ဂူသည် ဝေရောစနကျောက်စိမ်းစေတီတော်ကြီး ပရိဝုဏ်အတွင်းရှိပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းကစ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဩဝါဒါစရိယဆရာတော်ကြီးများထံမှနေ၍ ဩဝါဒခံယူကာ ဖွင့်လှစ်မည့်ရက်ကို သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်စိမ်းလိုဏ်ဂူတည်ဆောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောကြားသည်။

“အလှူရှင်အနေနဲ့ ဘုရားတည်ပြီးသွားရင် ကျောက်စိမ်းသားတွေနဲ့ လိုဏ်ဂူလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်။ ဘုရားတည်နေရင်းနဲ့ လိုဏ်ဂူကို တစ်ခါတည်းလုပ်ဖို့ရာ အချိန်မမီလိုက်ဘူး။ ကျောင်းကန်ဘုရားနဲ့ လိုဏ်ဂူဆိုတာ ဖြစ်စေချင်တာရယ်ပေါ့။ ကျောက်တွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်းလေ့လာလို့ရနိုင်အောင် ဖန်တီးပေးထားတာပေါ့”ဟု ၎င်းက ရှင်းပြသည်။

ကျောက်စိမ်းလိုဏ်ဂူသည် အလျားပေ ၂၃၀၊ အမြင့် ၁၃၊ အနံ ၉ ပေခန့်ရှိပြီး ကျောက်စိမ်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ လိုဏ်ဂူအတွင်း၌ ကျောက်စိမ်းရရှိသည့်နေရာများ၊ ကျောက်စိမ်းအမျိုးအစားများ၊ မြတ်စွာဘုရား ပွင့်တော်မူရာနေရာများ ပြသထားကြောင်း၊ ယင်းအပြင် ကျောက်စိမ်းဆင်းတုတော် ၃၀,၀၀၀ ကျော်၊ တန် ၅၀ ကျော် အလေးချိန်ရှိသည့် ကျွန်းသစ်လုံးများ၊ ရေတံခွန်များ၊ မြန်မာနိုင်ငံမှထွက်သည့် ပတ္တမြားအစစ်များ၊ ပျူခေတ် ပုဂံခေတ် အင်းဝခေတ် ကုန်းဘောင်ခေတ်လက်ရာ ဘုရားပုံစံငယ်များ၊ ကျောက်စိမ်းလက်ကောက်များ ပြသထားမည်ဖြစ်ကာ လိုဏ်ဂူဖွင့်ပွဲနှင့်ပတ်သက်သည့် စီမံချက်များကိုရေးဆွဲလျက်ရှိကြောင်း ကျောက်စိမ်းလိုဏ်ဂူ တည်ဆောက်ရေးအဖွဲ့ထံမှ ထပ်မံသိရသည်။

ဝေရောစန ကျောက်စိမ်းစေတီနှင့် ကျောက်စိမ်းလိုဏ်ဂူသည် မန္တလေးတိုင်း အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမှူး ကျေးရွာအုပ်စု ကွင်းအမှတ် ၆၂၈ ရှိကာ မြေအကျယ် ငါးဧကပေါ်တွင် တည်ထားခြင်းဖြစ်သည်။

ဝေရောစနကျောက်စိမ်းစေတီနှင့် ကျောက်စိမ်းလိုဏ်ဂူကို မန္တလေးမြို့ရှိ အေးအေးခိုင် ကျောက်စိမ်းကုမ္ပဏီပိုင်ရှင် ဦးစိုးနိုင်မိသားစုက တည်ဆောက်လှူဒါန်းထားခြင်းဖြစ်ပြီး ကျောက်စိမ်းစေတီကို ၂၀၀၅ ခုနှစ် မေလက ဖွင့်လှစ်ပေးခဲ့သည်။

M-05