News

POST TYPE

NEWS

အင်းတော်တွင် အလျား ၁၁ ပေခန့်ရှိ စည်တော်ကြီး ထွင်းထု


ကလေး၊ မတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ လက်ပံကုန်းကျေးရွာတွင် အလျား ၁၁ ပေခန့်ရှိသော စည်တော်ကြီးကို ကျပ်သိန်း ၅၀ ကျော် အကုန်အကျခံ၍ ထွင်းထုမည်ဖြစ်ကြောင်း ဆရာပွဲ မြန်မာတူရိယာအမျိုးမျိုးရောင်းဝယ်ရေးမှ ဦးကျော်ညွန့်က ပြောကြားသည်။

အင်းတော်မြို့ အောင်မင်္ဂလာရပ်ကွက်ရှိ သုသာန်ဟောင်းကိုဖျက်ကာ ကားကြီးကွင်းပြုလုပ်ရန် ရှင်းလင်းရာမှ ခုတ်ထားသည့် ကုက္ကိုပင်ကို တောင်းယူ၍ အဆိုပါစည်တော်ကို ပြုလုပ်ခြင်းဖြစ်ပြီး မတ်လ ၁၅ ရက်နေ့တွင် အခေါင်းထွင်းခြင်းနှင့် လုံးပတ်ပြုလုပ်ခြင်းစသည့် အကြမ်းထည်လုပ်ငန်း ပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်သည်။

အဆိုပါ စည်တော်ပြုလုပ်နေခြင်းသည် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအနေနှင့် မြန်မာ့တူရိယာ လက်မှုပညာကို သိရှိလေ့လာနိုင်စေရန်ဖြစ်ပြီး စည်တော်ထုလုပ်ပြီးပါက ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှုများသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ဘုရားကျောင်းများသို့ လှူဒါန်းမည်ဖြစ်ကြောင်း ဦးကျော်ညွန့်က ပြောဆိုသည်။

“ကျွန်တော့် တစ်သက်မှာ ဒီလိုစည်မျိုး လုပ်လည်းမလုပ်ဖူးဘူး။ လုပ်လည်း လုပ်နိုင်ဖို့ မလွယ်ဘူး။ တကယ့်တကယ် အခွင့်အရေးကြုံတုန်းမှာ သမိုင်းတစ်ခု ကျန်ခဲ့အောင်ဆိုပြီး မိဘကို ရည်စူးပြီး ပြုလုပ်လှူဒါန်းမယ်လို့ ရည်မှန်းထားတာပါ”ဟု ၎င်းက ဆိုသည်။ 

စည်တော်သည် အလျား ၁၀ ပေ ၈ လက်မ၊ ထိပ်ဝတစ်ဖက် (စည်မျက်နှာပြင်) အကျယ် ၅ ပေ ၄ လက်မရှိမည်ဖြစ်ပြီး စည်တော်ကြီး ထိပ်နှစ်ဖက် (စည်မျက်နှာ) အဝကို နွားသားရေဖြင့်ကြက်၍ ထိပ်ဝနှစ်ဖက်စလုံးကို ထိပ်ဝမှ သုံးပေစီအကွာထိ စည်မျက်နှာပြင်နှင့် တစ်ဆက်တည်းသားရေ ဖုံးအုပ်မည်ဖြစ်သည်။ 

ထိပ်ဝနှစ်ဖက် သားရေဖုံးအုပ်ပြီး ကျန်သည့်အလယ်နေရာ သစ်သားစည်နေရာတွင် မြတ်စွာဘုရား၏ ၁၀၈ ကွက် ဗုဒ္ဓခြေတော်စက်လက္ခဏာကို နတ်သားလေးပါးက ပူဇော်နေသည့်ပုံ ထွင်းထုမည်ဖြစ်ပြီး ယင်းစည်တော်ထုလုပ်မှုကို ခြောက်လခန့် အချိန်ယူပြုလုပ်မည်ဖြစ်ကာ စုစုပေါင်း ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အကြား ကုန်ကျနိုင်ကြောင်း ဦးကျော်ညွန့်က ပြောကြားသည်။

R-20