News

POST TYPE

NEWS

ဦးအေးနေဝင်း နှင့်တွေ့ဆုံမှုကို တနင်္သာရီဝန်ကြီးချုပ် ပြန်ရှင်း
14-Mar-2018

ထားဝယ်၊ မတ် ၁၄

တနင်္သာရီတိုင်းအတွင်း မည်သည့်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည်ကို ဦးအေးနေဝင်းနှင့် ဆွေးနွေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြန်လည်ရှင်းလင်း ပြောဆိုခဲ့သည်။

ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦးနေဝင်း၏မြေးဖြစ်သူ ဦးအေးနေဝင်းနှင့် ဒေါက်တာလဲ့လဲ့မော်တို့တွေ့ဆုံခဲ့ပုံကို ဦးအေးနေဝင်းက မတ်လ ၁၂ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာပေါ် တင်လိုက်ပြီးနောက် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ Facebook သုံးစွဲသူများအကြား လျင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။

“၂ ရက်၊ ၄၈ နာရီကြာအချိန်က ဘယ်လို ကုန်သွားလိုက်တယ်မသိဘူး။ စိတ်ထဲမှာ သီတင်းတစ်ပတ်လောက် ကြာသွားသလိုပဲ”ဟု ဦးအေးနေဝင်း၏ Facebook စာမျက်နှာပေါ်တွင် တင်လိုက်ပြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် တွေ့ဆုံနေသည့် ပုံ အပါအဝင် ဓာတ်ပုံ ၅ ပုံ မျှဝေဖော်ပြခဲ့သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဦးအေးနေဝင်းတို့ မတ်လ ၇ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး တိုင်းအတွင်း မည်သည့်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည်ဆိုသည့် အကြောင်းအရာကိုသာ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ၎င်း၏ကိုယ်ရေးအရာရှိမှတစ်ဆင့် ဖြေကြားခဲ့သည်။

“အခြားကုမ္ပဏီတွေ လာသလိုပဲ ရိုးရိုးလာတွေ့တာ။ ဒါကြောင့် လက်ခံတွေ့တာပါ”ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၏ ကိုယ်ရေးအရာရှိက ပြောသည်။

ဧည့်သည်ဖြစ်သူကို အိမ်ရှင်က လက်ခံတွေ့ဆုံခြင်းမှာ အပြစ်မဟုတ်သော်လည်း ဒီမိုကရေစီ သွားနေသည့်လမ်းကြောင်းတွင် ဒီမိုကရေစီဘက်တော်သားများက မျက်မုန်းကျိုးသူနှင့် လက်ခံတွေ့ဆုံသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း တနင်္သာရီ မဲဆန္ဒနယ် အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ဆိုသည်။

“တွေ့တာက ဘာအကြောင်းအရာလဲဆိုတာ မသိဘူးပေါ့၊ ဒါပေမယ့် အကုန်လုံးက အမြင်မကြည်တဲ့သူ ဖြစ်နေတဲ့အခါကျတော့ တွေ့တဲ့အခါကျတော့ စိတ်ထဲမှာ တစ်မျိုးဖြစ်နေတယ်လေ”ဟု ဦးရဲမြင့်ဆွေက ပြောသည်။

ဦးအေးနေဝင်း၏အဖိုးဖြစ်သူ ဗိုလ်ချုပ်နေဝင်းမှာ ၁၉၆၂ ခုနှစ်တွင် တိုင်းပြည်အာဏာ သိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် တစ်ပါတီ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ပြီး နောက်ဆုံး မြန်မာနိုင်ငံမှာ ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်သွားခဲ့သည်။

လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပေါ်ပေါက်စေခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံတွင်လည်း ကျောင်းသားပြည်သူများကို ရက်စက်စွာ နှိမ်နင်းခဲ့မှုကြောင့်လည်း များစွာ ဖေဝန်ခံခဲ့ရသည်။

Dawei Watch