News

POST TYPE

NEWS

လေယာဉ်ခရီးစဉ်အတွင်း ပစ္စည်းထည့်လော့ကာထဲထည့်ခံရသည့် အိမ်မွေးခွေးတစ်ကောင် သေဆုံး


ဝါရှင်တန် ဒီစီ၊ မတ် ၁၄

အမေရိကန် လေကြောင်းလိုင်းတစ်ခုတွင် လေယာဉ်မယ်တစ်ဦးသည် ခရီးသည်နှင့်ပါလာသည့် အိမ်မွေးခွေးကို ပစ္စည်းသိမ်းလော့ကာထဲသို့ ထည့်လိုက်သဖြင့် ခွေးသေသွားပြီးနောက်တွင် အဆိုပါ လေကြောင်းလိုင်းမှ အပြည့်အဝတာဝန်ယူမည်ဟု ထုတ်ပြန်ခဲ့သည်ကို BBC သတင်းဌာနတွင် ဖော်ပြသည်။

“အလွန် ဝမ်းနည်းကြေကွဲဖို့ကောင်းသည့် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု”ဟု အဆိုပါ လေကြောင်းလိုင်းမှ ထုတ်ပြန်ခဲ့သည်။

တနင်္လာနေ့တွင် ဟူစတန်မှ နယူးယောက်သို့သွားသည့် လေယာဉ်ပေါ်တွင် ပြင်သစ် ခွေးဘီလူးတစ်ကောင် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ခရီးသည် တစ်ဦးတွင်ပါလာသော အိမ်မွေးတိရစ္ဆာန်ထည့်သည့် အိတ်ကို လေယာဉ်မယ်တစ်ဦးက ပစ္စည်းသိမ်းလော့ကာထဲသို့ ထည့်ခိုင်းခဲ့သည်ကို တွေ့ခဲ့သည်ဟု မျက်မြင်သက်သေများက ထွက်ဆိုခဲ့ကြသည်။

လော့ကာထဲထည့်ခိုင်းသည့် လေယာဉ်မယ်သည် ထိုအိတ်ထဲတွင် အိမ်မွေးခွေးပါသည်ကို မသိခဲ့၍ ထည့်ခိုင်းခဲ့ရသည်ဖြစ်သည်ဟု ခွေးသေပြီးနောက်ပိုင်းတွင် ဆိုသည်။

“ယခုကဲ့သို့ ဖြစ်ပျက်ခဲ့ရသည့် ဝမ်းနည်းဖွယ် အဖြစ်အပျက်အပေါ် ကျွန်ုပ်တို့ လေကြာင်းလိုင်းအနေဖြင့် အပြည့်အဝ တာဝန်ယူပေးမည်ဖြစ်ပြီး ယခုအဖြစ်အပျက် ဖြစ်ခဲ့သည့် မိသားစုအပေါ် ဝမ်းနည်းကြောင်း တောင်းပန်စကားများ ထုတ်ဖော်ပြောဆိုကာ အဆိုပါမိသားစုအပေါ်လည်း ကူညီထောက်ပံပေးမည်”ဟု အဆိုပါ အမေရိကန် လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့သည်။

“နောက်တစ်ကြိမ် ထပ်မဖြစ်ရအောင် စုံစမ်းစစ်ဆေးလျက်ရှိသည်၊ အိမ်မွေးတိရစ္ဆာန်များကို ဘယ်တော့မှ ပစ္စည်းသိမ်းလော့ကာထဲသို့ မထည့်သင့်ပါ”ဟုလည်း ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ ပစ္စည်းသိမ်းလော့ကာများသည် လေဝင်လေထွက် မရှိအောင် အတင်းအကြပ် ပိတ်ဆို့ထားသည် မဟုတ်သော်လည်း လော့ကာထဲတွင် အောက်စီဂျင် အနည်းငယ်သာ ရရှိသောကြောင့် အဆိုပါ အိမ်မွေးခွေး သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု အမေရိကန် သတင်းဌာနတစ်ခုမှ ထုတ်ပြန်ခဲ့သည်။

F-06