News

POST TYPE

NEWS

နွေရာသီ မွန်စာသင်တန်း မြို့နယ် ၁၈ ခုတွင် ဖွင့်လှစ်


မော်လမြိုင်၊ မတ် ၁၃

နွေရာသီ မွန်စာသင်ကြားမှု သင်တန်းကို မွန်ပြည်နယ်တွင်သာမက မွန်လူမျိုးများနေထိုင်ရာ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့ရှိ မြို့နယ် ၁၈ မြို့နယ်တွင် မတ်လ ပထမအပတ်မှစကာ ဖွင့်လှစ်သင်ကြားပေးနေပြီ ဖြစ်သည်။

နွေရာသီ မွန်စာသင်ကြားမှု သင်တန်းကို မွန်လူမျိုးတို့၏ စာပေ၊ စကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများ တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးစေလိုသည့် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ထံမှ သိရသည်။

“ကျောင်းသူ။ သားတွေရဲ့ အနေအထားက တစ်နှစ်ထက်တစ်နှစ်ကို ပိုပြီးတော့များလာတယ်၊ မနှစ်ကဆိုရင် မြို့နယ် ၁၈ မြို့နယ်မှာပေါ့ မွန်စာသင်တဲ့ ကလေးက ၈ သောင်းလောက်ရှိတယ်”ဟု မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး နိုင်မွန်ရာဇာက ပြောသည်။

နွေရာသီ မွန်စာသင်ကြားမှု သင်တန်းကို သံဃာတော်များကသာ သင်ကြားပေးကြသည့်အတွက် တစ်နှစ်ထက် တစ်နှစ် ပိုများလာသည့် ကျောင်းသူ ကျောင်းသားများကြောင့် သင်ကြားပေးသည့် ဆရာ အခက်အခဲများ ရှိနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“ကျောင်းသားတွေများတော့ အဓိက အခက်အခဲဖြစ်တာက ဆရာမလုံလောက်မှုပါ၊ ဆရာအတွက် အကူအညီပေးလာတာ ရှိပေမယ့် ကျောင်းသားတွေက တစ်ရက် တစ်ရက်များများလာတော့ ဆရာအတွက် အခက်အခဲဖြစ်နေဆဲပါပဲ”ဟု ကျောင်းသူ ကျောင်းသား ၁၅၀၀ ခန့် တက်ရောက်သင်ကြားနေသည့် မော်လမြိုင်မြို့ပေါ်ရှိ ရာမည ရဋ္ဌဗုဒ္ဓတက္ကသိုလ်မှ တာဝန်ခံဆရာတော်က မိန့်ကြားသည်။

လွတ်လပ်ရေးရရှိပြီးစ ဦးနု အစိုးရလက်ထက်က အစိုးရကျောင်းတွေမှာ မွန်စာပေကို တရားဝင်သင်ကြားခွင့် ပေးခဲ့ပေမယ့် မဆလ အစိုးရလက်ထက် ၁၉၆၂ ခုနှစ်မှစပြီး မွန်စာပေကို တရားဝင် သင်ကြားခွင့် မရရှိတော့ဘဲ ကျောင်းအချို့မှာ နားလည်မှုဖြင့် အချိန်ပိုင်း သင်ကြားခွင့်ရရှိခဲ့သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ မွန်စာသင်ကြားခွင့်ကို လုံးဝ ပိတ်ပင်ခံခဲ့ရကာ နောက်ပိုင်းတွင် မွန်စာကို နွေရာသီအချိန်တွင် ဘုန်းတော်ကြီးကျောင်းတွေ၊ အစိုးရစာသင်ကျောင်းတွေမှာ သံဃာတော်တို့က သင်ကြားပေးလာခဲ့သည်။

တစ်ဖန် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၀ နောက်ပိုင်းကာလတွင် အစိုးရကျောင်းတွေမှာ မွန်စာသင်ကြားခွင့် ပြန်လည်ရရှိလာခဲ့ပြီး အတိုင်းအတာတစ်ခုထိ အကောင်အထည် ဖော်နိုင်ခဲ့သော်လည်း လက်ရှိ NLD ဦးဆောင်အစိုးရလက်ထက်မှာတော့ မွန်စာသင်ကြားမှု အခြေအနေသည် ထင်သလောက် အောင်မြင်မှုမရှိဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောခဲ့သည်။

ယမန်နှစ် နွေရာသီ မွန်စာပေသင်ကြားမှု သင်တန်းသို့ မြို့နယ်ပေါင်း ၁၈ မြို့နယ်တို့မှ ကျောင်းသူ၊ ကျောင်းသားပေါင်း ၈ သောင်းခန့် တက်ရောက် သင်ကြားခဲ့ပြီး ဗဟိုအဆင့် စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သူ ၁၆၀၀ ကျော်ရှိသည်ဟု မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ရှိ စာရင်းအရ သိရသည်။

Dawei Watch