News

POST TYPE

NEWS

ဇီဝလောင်စာသုံး ဓာတ်အားပေးစက်ရုံ လတ်တလော တည်ဆောက်ရန်မရှိဟု လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး ပြောကြား
နေပြည်တော်၊ မတ် ၁၃

လျှပ်စစ်ဓာတ်အား လိုအပ်ချက်များရှိနေသော်လည်း ဇီဝလောင်စာသုံး ဓာတ်အားပေးစက်ရုံကို အကန့်အသတ်နှင့် အခက်အခဲအချို့ကြောင့် လတ်တလောတွင် တည်ဆောက်ရန် အစီအစဉ်မရှိသေးကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က ပြောကြားသည်။

မတ် ၁၃ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မဲဆန္ဒနယ်မှ ဦးသာအောင်က တောင်သူများ လယ်ယာစိုက်ပျိုးလုပ်ကိုင်ရာမှ ထွက်ရှိသော သစ်ရွက်၊ အရိုးနှင့် ကိုင်းဖျားကိုင်းနားများကို အသုံးပြုပြီး ဇီဝလောင်စာထုတ်လုပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းချက်ကို ၎င်းဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဇီဝလောင်စာများကို တစ်နှစ်ပတ် လုံးစဉ်ဆက်မပြတ်ရရှိရန် စိုက်ပျိုးမည်ဆိုပါက ၁၀၀၀ ကီလိုဝပ်နာရီ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန်အတွက် သစ်တန်ချိန် တစ်တန်နှင့်ညီမျှသည့် ဇီဝလောင်စာ လိုအပ်လာမည်ဖြစ်ပါ၍ လောင်စာရရှိရန်အတွက် စိုက်ပျိုးမြေဧရိယာလိုအပ်ချက် ဧက ၇၀၀ လိုအပ်မည်ဖြစ်ကြောင်း ဒုဝန်ကြီးက ရှင်းပြသည်။

အဆိုပါနည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ကုန်ကျစရိတ် ၁ မဂ္ဂါဝပ်အတွက် အမေရိကန် ဒေါ်လာ ၄ သန်းခန့် ရင်းရမည်ဖြစ်ပြီး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံအတွက် ၁ မဂ္ဂါဝပ် ထုတ်လုပ်ရန် ၁ ဒသမ၂ သန်းခန့်သာ ရင်းရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဇီဝလောင်စာဖြင့် တစ်ယူနစ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၃၆ ဆင့်မှ ၄၀ ဆင့်အထိ ကုန်ကျမည်ဖြစ်ပြီး မြန်မာကျပ်ငွေ ဓာတ်အားခ အရင်း ၄၀၀ ကျပ်မှ ၅၀၀ ကျပ်ခန့်အထိ ကုန်ကျမည်ဖြစ်ကြောင်း၊ ဓာတ်အားခ ဈေးနှုန်းကြီးမြင့်လာပါက ပြည်သူလူထုနှင့် စက်မှုလုပ်ငန်းရှင်များအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် တစ်နှစ်လျှင် ၁၆ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိသော်လည်း လိုအပ်လျက်ရှိသော ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန်အတွက် ရေအား၊ လေအားနှင့်နေစွမ်းအင်အပါအဝင် ရနိုင်သမျှသော အရင်းအမြစ်များမှ ထုတ်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

ယင်းအပြင် ဓာတ်အားစနစ် တည်ငြိမ်ရေးကို ထည့်သွင်းတွက်ချက်ရသောကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၏ ပါဝင်မှုအချိုးအစားသည် ကန့်သတ်ချက်များ ရှိနေကြောင်း၊ ဇီဝလောင်စာအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည် အိုဇုန်းလွှာ ထိခိုက်မှုကိုဖြစ်စေသော မီသိန်းဓာတ်ငွေ့ ထွက်ရှိခြင်း၊ သစ်တောပြုန်းတီးမှုကို ဖြစ်စေခြင်း၊ ရာသီအလိုက် ကုန်ကြမ်းများ ကြိုတင်စုဆောင်းထားရန် လိုအပ်ခြင်း၊ အခြားလောင်စာများနှင့် နှိုင်းယှဉ်ပါက အကျိုးရှိအသုံးဝင်မှုနည်းပါးခြင်းနှင့် ကုန်ကျစရိတ်ကြီးမြင့်ခြင်း စသည့် အားနည်းချက်များရှိနေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရှင်းပြခဲ့သည်။ 

S-01