News

POST TYPE

NEWS

ရုရှားသူလျှို လုပ်ကြံခံရမှုနောက်ကွယ်၌ ရုရှားရှိနိုင်သည်ဟု ထရီဇာမေ ထုတ်ဖော်ပြောကြား
14-Mar-2018



လန်ဒန်၊ မတ် ၁၃

ဗြိတိန်တောင်ပိုင်း ဆာလစ်ဗျူရီတွင် ရုရှားသူလျှိုဟောင်း ဆာဂျီစကရီပယ်နှင့် သမီးဖြစ်သူတို့အား အဆိပ်ဖြင့်လုပ်ကြံမှုနောက်ကွယ်တွင် ရုရှားပါဝင်ပတ်သက်နိုင်ခြေများသည်ဟု ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက တနင်္လာနေ့တွင် ပါလီမန်သို့ ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်ရပ်တွင် ရုရှားလုပ် အာရုံကြောအဆိပ်ကို စစ်ဆေးတွေ့ရှိထားပြီး အကယ်၍ မော်စကိုက တိုက်ရိုက်ညွှန်ကြားကြောင်း အထောက်အထားထင်ရှားပါက ဗြိတိန်ပိုင်နက်ကို ဥပဒေချိုးဖောက် အင်အားသုံးတိုက်ခိုက်မှုအဖြစ် သတ်မှတ်မည်ဟု ထရီဇာမေက ပြောကြားသည်။

ထရီဇာမေက “ရုရှားသည် တိုက်ခိုက်မှုကို တိုက်ရိုက်ညွှန်ကြားခြင်းဖြစ်စေ၊ စစ်ပွဲသုံးအဆင့်ရှိ နိုဗီချော့ အာရုံကြောအဆိပ်ကို ထုတ်ပေးလိုက်ခြင်းဖြစ်စေ ပြုလုပ်ခဲ့ကြောင်း၊ တိုက်ခိုက်မှုတွင် မော်စကိုက တိုက်ရိုက်တာဝန်ရှိခြင်းကို ရှင်းပြရန်အတွက် ရုရှားသံအမတ်ကြီးကို အစိုးရက ဆင့်ခေါ်ထားကြောင်း၊ မော်စကိုသည် နိုဗီချော့ အဆိပ်ပြဿနာကို ဓာတုလက်နက် တားမြစ်ရေးအဖွဲ့အစည်း OPCW သို့ ရှင်းလင်းတင်ပြရန် အင်္ဂါနေ့ညပိုင်းအထိ အချိန်ရမည်ဖြစ်ကြောင်း၊ အင်္ဂါနေ့အထိ ထိုက်သင့်သော တုံ့ပြန်မှုမရှိပါက လက်တုံ့ပြန်ရေးအစီအစဉ်များကို ပါလီမန်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း၊ အပြစ်မဲ့ အရပ်သားများကို ဗြိတိန်မြေပေါ်တွင် သတ်ဖြတ်ရန် စော်ကားမော်ကားလုပ်ဆောင်မှုကို သည်းခံမည်မဟုတ်ကြောင်း” ပါလီမန်တွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တေလာဆန်ကလည်း ဆာလစ်ဗျူရီတွင် ဖြစ်ခဲ့သော အာရုံကြောအဆိပ်တိုက်ခိုက်မှုတွင် ရုရှားနိုင်ငံက တာဝန်ရှိနိုင်သည်ဟု ဗြိတိန်က စစ်ဆေးအကဲဖြတ်ခြင်းကို အပြည့်အဝယုံကြည်သည်ဟု ပြောကြားလိုက်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခရိုဗာက ထရီဇာမေ၏ မိန့်ခွန်းသည် ရန်စခြင်းဖြစ်သည်ဟု ကန့်ကွက်လိုက်ပြီး ဗြိတိန်ပါလီမန်တွင် ဆပ်ကပ်ပွဲပြနေသည်ဟု ထေ့ငေါ့သွားသည်။

F-04