News

POST TYPE

NEWS

သောင်းနှင့်ချီသော အိန္ဒိယလယ်သမားများ ဆန္ဒပြမှု အဆုံးသတ်
14-Mar-2018



နယူးဒေလီ၊ မတ် ၁၃

အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်မှ လယ်သမားများသည် ပြည်နယ်ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ကြွေးမြီလျှော့ပေါ့ပေးမှု၊ စပါးဈေးနှင့် မြေပိုင်ဆိုင်ခွင့်ကိစ္စများနှင့် ပတ်သက်၍ ဆန္ဒပြမှုကို အဆုံးသတ်လိုက်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

မျိုးနွယ်စုလယ်သမား၊ ယာသမားများ၏ မြေယာပိုင်ဆိုင်ခွင့် ကိစ္စနှင့်ပတ်သက်သော အငြင်းပွားမှုမှာမူ ညှိနှိုင်းဆဲဖြစ်ပြီး ခြောက်လအတွင်း ဖြေရှင်းသွားမည်ဟု ပြည်နယ်ဝန်ကြီးများက ပြောကြားခဲ့သည်။

ကြွေးမြီလျှော့ပေါ့ပေးမှုကို လယ်သမားများအားလုံး ခံစားခွင့်ရစေရန် တိုးချဲ့ပေးသွားမည်ဟုလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

လယ်သမားများကမူ အစိုးရသည် ယမန်နှစ်က ကတိပြုပေးထားသော ကြွေးမြီ လျှော့ပေးရေးအစီအစဉ်ကိုပင် အကောင်အထည်မဖော်ရသေးဟု ပြောကြားခဲ့ကြသည်။

ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများပါ ပါဝင်သည့် သောင်းနှင့်ချီသော ဆန္ဒပြသူများသည် နာရှစ်ခရိုင်မှ နေ၍ ၁၀၃ မိုင်လမ်းလျှောက် ချီတက်ပြီး ပြည်နယ်မြို့တော် မွမ်ဘိုင်းတွင် စုဝေးဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲများ၊ တေးဂီတပွဲများ ကျင်းပရာ အဇက်ရင်ပြင်သို့ ရောက်ရှိရန် ခြောက်ရက်ကြာမျှ ချီတက်လာခဲ့ကြသည်။ ဆန္ဒပြမှုကို အိန္ဒိယကွန်မြူနစ်ပါတီ (မာ့ခ်စ်ဝါဒီ) နှင့် ဆက်စပ်နေသော နိုင်ငံလုံးဆိုင်ရာ လယ်သမားအဖွဲ့ကြီးက ကြီးမှူးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကြွေးမြီလျှော့ပေါ့သက်ညှာခွင့်ပေးရေးအပြင် လယ်သမားများက ၎င်းတို့သီးနှံ စိုက်ပျိုးစရိတ်၏ တစ်ဆခွဲမျှ ကြိုတင်ထုတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ အိန္ဒိယတွင် လယ်ယာစိုက်ပျိုးရေးအတွက် ဈေးနှုန်းသတ်မှတ်ပေးမှုရှိပြီး သီးနှံအထွက်တိုးစေရန်နှင့် ဝင်ငွေပုံမှန်ရှိစေရန် လယ်သမား၊ ယာသမားများထံမှ အစိုးရက ဝယ်ယူပေးလေ့ရှိသည်။

တောတွင်းစိုက်ပျိုးလေ့ရှိသော မျိုးနွယ်စုလယ်သမားများကိုပါ လယ်ယာမြေပိုင်ဆိုင်ခွင့်ပေးရန်လည်း လယ်သမားများက တောင်းဆိုခဲ့ကြသည်။

လယ်သမားခေါင်းဆောင် ဗီဂျေးဂျာဗန်ဒီယာက နိုင်ငံတွင်း စိုက်ပျိုးရေးဝင်ငွေသည် လျင်လျင်မြန်မြန်လျော့ကျလာကြောင်း၊ ဝါဂွမ်း၊ သီးနှံနှင့် ပဲမှ ဝင်ငွေသည် နေ့စဉ် ကျဆင်းလာသောကြောင့် ကျေးလက်စီးပွားရေးတွင် ဝင်ငွေပြတ်လပ်လာလျက်ရှိကြောင်း BBC သို့ ပြောကြားခဲ့သည်။

F-03