News

POST TYPE

NEWS

ရှီကျင့်ဖျင်ကို ဆန့်ကျင်သော “ငါတို့ရဲ့သမ္မတမဟုတ်” ပိုစတာ တရုတ်နိုင်ငံပြင်ပတွင် ထွက်ပေါ်
14-Mar-2018



နယူးယောက်၊ မတ် ၁၃

တရုတ်နိုင်ငံသည် သမ္မတရှီကျင့်ဖျင် တစ်သက်စာ အာဏာရရှိရေးအတွက် လမ်းရှင်းနေသော်လည်း ဆန့်ကျင်ကန့်ကွက်မှုမရှိဘဲ မဖြစ်လာနိုင်ကြောင်း BBC သတင်းတွင် ရေးသားထားသည်။

မကြာသေးမီရက်များအတွင်း တရုတ်စာ၊ အင်္ဂလိပ်စာတို့ဖြင့် ရေးသားထားသော ရှီကျင့်ဖျင်ဆန့်ကျင်ရေးပိုစတာများ အနောက်နိုင်ငံတက္ကသိုလ်များတွင် ထွက်ပေါ်လာခဲ့သည်။ ပိုစတာများတွင် “ငါတို့ရဲ့သမ္မတမဟုတ်”၊ “ငါတို့သဘောမတူ” စသည့် စာကြောင်းများကို ရေးသားထားသည်။

သမ္မတသက်တမ်း နှစ်ဆက်သာ တာဝန်ထမ်းဆောင်ရန် ကန့်သတ်ထားမှုကိုဖယ်ရှားမည့် ဆုံးဖြတ်ချက်အပေါ် ပြစ်တင်ဝေဖန်မှုများကို တရုတ်နိုင်ငံအတွင်းတွင် ပြင်းပြင်းထန်ထန် ပိတ်ပင်ထားသည်။

ထိုဆုံးဖြတ်ချက်ကို ကွန်မြူနစ်ပါတီ လွှတ်တော်က တနင်္ဂနွေနေ့တွင် တစ်ခဲနက် အတည်ပြုခဲ့သည်။

ရှီဆန့်ကျင်ရေးပိုစတာများသည် အမေရိကန်တက္ကသိုလ်များတွင် ယခင်အပတ်က စတင်ထွက်ပေါ်လာခဲ့ပြီး ယူကေ၊ ပြင်သစ်၊ နယ်သာလန်၊ ဩစတြေးလျ၊ ကနေဒါနိုင်ငံများတွင်လည်း ထွက်ပေါ်ခဲ့သည်ဟု သိရှိရသည်။

“ရှီကျင့်ဖျင် ရပ်လိုက်” twitter အကောင့်တွင် ပိုစတာများကို ဒေါင်းလုပ်ဆွဲရန် လင့်ခ်များပေးထားပြီး လှုပ်ရှားမှုတွင် ပါဝင်ကြရန် နှိုးဆော်ထားသည်။

ထိုအကောင့်ကို စီမံခန့်ခွဲနေသူတစ်ဦးက ထိုလှုပ်ရှားမှုကို ပြည်ပရောက် တရုတ်တက္ကသိုလ်ကျောင်းသားများနှင့် ဘွဲ့ရပြီးသူများက ဦးဆောင်ကြခြင်းဖြစ်ကြောင်း၊ ပြည်တွင်းဖြစ်စေ ပြည်ပဖြစ်စေ တရုတ်နိုင်ငံသားများသည် ၎င်းတို့၏အမြင်ကို ကြောက်ရွံ့ခြင်းမရှိဘဲ လွတ်လပ်စွာပြောဆိုခွင့်ရှိသည်ဟု ယုံကြည်ကြောင်းပြောကြားသည်။

“ငါတို့ရဲ့သမ္မတ မဟုတ်” ဆိုသော စကားလုံးကို ဒေါ်နယ်ထရမ့် ဆန့်ကျင်ရေးလှုပ်ရှားသူများကလည်း အသုံးပြုကြသည်။

ဩစတြေးလျတက္ကသိုလ်မှ တရုတ်ကျောင်းသားဝူလီဘိုက “တရုတ်ပြည်ထဲမှာသိသာတဲ့ အပြောင်းအလဲတွေ ဖြစ်နေပြီဆိုတာကို သူငယ်ချင်းတွေ သိရှိနားလည်အောင် ဒီပိုစတာတွေကပ်ပြီး အသိပေးတာပါ”ဟု ပြောကြားသည်။

“ရှီကျင့်ဖျင်က သမ္မတဖြစ်ကတည်းက အာဏာရှင်တစ်ယောက်လို လုပ်ကိုင်နေတာပါ။ ဒါပေမဲ့ ဒီကိစ္စကတော့ လုံးဝ အာဏာရှင်တစ်ယောက်ဖြစ်သွားစေလိမ့်မယ်”ဟု ၎င်းက မှတ်ချက်ပေးသည်။

တရုတ်ကျောင်းသားအများစုကမူ ထိုကိစ္စကို ရယ်စရာဟုသာသတ်မှတ်ကြပြီး ဂရုမစိုက်ကြဟု ပြောကြားကြသည်။

ဆစ်ဒနီတက္ကသိုလ်မှ တရုတ်သမိုင်း ကျွမ်းကျင်သူ ဒေါက်တာဒေးဗစ်ဘရိုဖီက ပြည်ပရောက် တရုတ်ကျောင်းသားများထံမှ လူသိရှင်ကြား ပြစ်တင်ဝေဖန်မှု ထွက်ပေါ်လာခြင်းကို အံ့အားသင့်မိကြောင်း ပြောကြားသည်။ 

ပြည်ပရောက်ကျောင်းသားများကို တရုတ်အစိုးရက စောင့်ကြည့်နေသည်ဟူသော စိုးရိမ်မှုများကြောင့် ဝေဖန်မှုများ ထွက်ပေါ်လာပုံရပြီး နောက်ပိုင်းတွင် တရုတ်ပြည်သို့ပြန်ရန် စီစဉ်ထားသူဆိုပါက နိုင်ငံရေးတက်ကြွသူအဖြစ် ရှုမြင်ခံရခြင်းသည် ဘေးသင့်နိုင်ခြေရှိသည်ဟု ၎င်းက မှတ်ချက်ပေးသည်။

F-04