News

POST TYPE

NEWS

နီပေါလေဆိပ်အနီး ဘင်္ဂလားဒေ့ရှ်လေယာဉ် ပျက်ကျ၊ အနည်းဆုံး ၄၉ ဦး သေဆုံး
14-Mar-2018



ခတ္တမန္ဒူ၊ မတ် ၁၃ 

နီပေါနိုင်ငံထရီဘူဗန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးတွင် US-Bangla လေကြောင်းလိုင်းမှ ခရီးသည်နှင့် လေယာဉ် ဝန်ထမ်း ၇၁ ဦးပါ လေယာဉ်ပျက်ကျခဲ့ရာ အနည်းဆုံးလူ ၄၉ ဦးသေဆုံးကြောင်း BBC သတင်းက ရေးသားဖော်ပြထားသည်။

ပေါက်ကွဲသံအကျယ်ကြီးကြားရပြီး လေယာဉ်သည် ကြမ်းတမ်းစွာ တုန်ခါဆောင့်ကျခဲ့ပြီး လေယာဉ်ထဲတွင် လူပေါင်းများစွာ ပိတ်မိဟစ်အော်နေခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားသည်။

စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီဖြစ်သော်လည်း လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းကို မသိရသေးပေ။ လေယာဉ်ခရီးစဉ် မှတ်တမ်းကိုမူ အပျက်အစီးများကြားမှ ပြန်လည်ရရှိသွားခဲ့ပြီဖြစ်သည်။ 

နီပေါနိုင်ငံတွင် နှစ်အတော်ကြာကြာအတွင်း အကြီးမားဆုံးသော လေကြောင်းမတော်တဆမှုဖြစ်သည်။ နီပေါတွင် ဖြစ်ပွားခဲ့သော မတော်တဆမှုအတော်များများသည် ရာသီဥတုမကောင်းခြင်း၊ လေယာဉ်မောင်းများ အတွေ့အကြုံနုနယ်ခြင်းနှင့် ယာဉ်ကို ထိန်းသိမ်းစောင့်ရှောက်မှု မလုံလောက်ခြင်းတို့ကြောင့် ဖြစ်သည်။ 

လေယာဉ်သည် ၁၇ နှစ်သက်တမ်းရှိ Bombardier Dash 8 Q400 လေယာဉ်အမျိုးအစားဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် မြို့တော်ဒါကာမှ ပျံသန်းလာခြင်းဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူတစ်ဦးက မီးလောင်မှုအကြောင်းကို ပြန်ပြောပြသော်လည်း လေယာဉ်အပြင်သို့ မည်သို့ထွက်လာခဲ့သည်ကို မပြောပြနိုင်ခဲ့ပေ။

“လေယာဉ်ပျက်ကျတော့ လေယာဉ်ထဲက ထွက်ဖို့ကြိုးစားပါတယ် အထဲမှာ မီးလောင်နေလို့ပါ။ ဒါပေမဲ့ ကျွန်တော့် လက်တွေ၊ ခြေတွေက ညပ်နေခဲ့တယ်”ဟု ကီသျှပ်ပန်ဒေးက BBC ကို ပြောကြားခဲ့သည်။ 

“ကျွန်တော်က အရေးပေါ်တံခါးနံဘေးက ခုံပေါ်မှာပါ။ လုံခြုံရေးတွေ ရောက်လာချိန်မှာ ကျွန်တော်ပြုတ်ကျသွားတာဖြစ်နိုင်ပါတယ်။ မမှတ်မိတော့ဘူးဗျ။ ကျွန်တော်သတိလစ်နေတယ်”ဟု ၎င်းက ပြောကြားသည်။ 

အသက်ရှင်ကျန်ရစ်သူ ၂၂ ဦးရှိပြီး ၁၁ ဦးမှာ နီပေါနိုင်ငံသားများဖြစ်ကာ ၁၁ ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ဖြစ်ကြသည်။

နီပေါနိုင်ငံသည် တောင်ထူထပ်သောနိုင်ငံဖြစ်၍ လေယာဉ်မှူးများ အထူးသတိထားရသည်ဟု ဝါရင့်လေတပ် ကွန်မန်ဒါဟောင်းတစ်ဦးက သုံးသပ်သည်။

F-02